ကျောက်ဆည် ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဦးတည်ချက်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက်(၉)ရပ် ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရာ လူမှုရေး ဦးတည်ချက်(၃)ရပ်တွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးဟူသည့် အချက်ပါဝင်လျက်ရှိရာ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များသည် အဓိကအခန်းကဏ္ဍနေရာမှ ပါဝင်ကြောင်း၊ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအောင်မြင်စွာ ပြုလုပ်နိုင်ရေး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဖွဲ့စည်းထားမှုနှင့် လုပ်ငန်းတာဝန်များ၊ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲအဆင့်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဝင်များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ပြီးအသက် (၁၀)နှစ်မှ(၁၅)နှစ်၊ အသက်(၁၅)နှစ်မှ(၂၀)နှစ် အခြေခံပညာ အဆိုပြိုင်ပွဲ၊အကပြိုင်ပွဲများ၊ အဆင့်မြင့်ပညာ အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲများနှင့် ဝါသနာရှင်အဆင့် အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသား/ကျောင်းသူများနှင့် ပြင်ပအနုပညာရှင်များအား ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
သက်မောင်