တံတားဦးမြို့နယ် သန္နီကန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပြီး အားကစားပစ္စည်းများလှူဒါန်း

တံတားဦး ဇူလိုင် ၂၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး တံတားဦးမြို့နယ် သိန္နီကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာ အထက်တန်းကျောင်းအတွင်း၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပြီး အားကစားပစ္စည်းများ လှူဒါန်းကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တံတားဦးမြို့နယ် သိန္နီကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆွေဦးက အမှာစကားပြောကြားပြီး မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငယ်သူထွန်းက အားကစားဆိုင်ရာ အသိပညာပေး ဟောပြောရာတွင် ကျောင်းသား ၊ ကျောင်းသူများအနေဖြင့် ပြည်သူလူထုအတွင်း အားကစားစိတ်ဓါတ် ၊ အားကစားဆိုင်ရာ အသိပညာပြန့်ပွားရေးအတွက် လူထုပညာပေးစည်းရုံးရေးလုပ်ငန်းများ စီမံဆောင်ရွက်နိုင်ရန်၊ ပြိုင်ပွဲများစဉ်ဆက်မပြတ် ကျင်းပနိုင်ရန် ၊လူငယ်မျိုးဆက်သစ် အားကစားသမားများ လေ့ကျင့်ပြုစုပျိုးထောင်ရန်၊ အားကစားပြုလုပ်ခြင်းဖြင့် စည်းကမ်းကောင်းမွန်ပြီး အရည်အသွေးမြင့်မား သော လူငယ်လေးများပေါ်ထွန်းလာရေးအတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်းဖြစ်ကြောင်း ပြောကြားပြီး အားကစားဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်သော ဘောလုံး၊ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းလုံးတို့ကို ပေးအပ်လှူဒါန်းရာ ကျေးရွာကျောင်းအုပ်ဆရာ ကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲ အခမ်းအနားသို့ တံတားဦးမြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သိန္နီကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/ သူများ တက်ရောက်ကြကြောင်း သိရသည်။

ရဲတင့်