နောင်မွန်း ဇူလိုင် ၂၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးဆင်းဧရီ-၃ စပါးမျိုး အထွက်နှုန်း တိုးပွားလာစေရန်နှင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ် ကြဲပက် တတ်စေရန်အတွက် စိုက်ပျိုးတောင်သူ အသိပညာပေးခြင်းနှင့် သဘာဝမြေဩဇာ အချိုးကျကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီတွင် အမှတ်(၂) ရပ်ကွက်ရှိ မြို့မတောင်ကွင်း၌ ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ လက်တွေ့ပြသမှုဖြင့် စိုက်ပျိုးတောင်သူများက ပုလဲမြေဩဇာနှင့် သဘာဝမြေဩဇာကို နည်းစနစ်တကျ အချိုးကျရောစပ်ပြီး စပါးစိုက်ကွက် အတွင်းသို့ ကြဲပက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမင်းသိန်းက ဆင်းဧရီ-၃စပါးမျိုး အထွက်နှုန်း တိုးပွားလာစေရန်အတွက် အထောက် အကူဖြစ်စေမည့် စနစ်တကျစိုက်ပျိုးနည်း၊ စိုက်ပျိုးမြေနှင့် ကိုက်ညီမည့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာအချိုးကျကြဲပက်နည်း၊ ပိုးမွှားရောဂါ နှိမ်နင်းခြင်း၊ သဘာဝမြေဩဇာပြုလုပ်နည်း၊ ရေသွင်းရေထုတ် စနစ်မှန်ကန်စွာ ပြုလုပ်ပေးခြင်းများကို အသိပညာပေး ဆွေးနွေးဟောပြောရာ တောင်သူများ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် စိုက်ပျိုးတောင်သူများ ၈၀ ဦး ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် ပြန်/ဆက်