မိုးညှင်း ဇူလိုင် ၂၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းဗဟိုအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူများနှင့် အချုပ်သား အချုပ်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများနှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster Doses) မထိုးနှံရသေးသူများ စုစုပေါင်း (၁၁၅၁)ဦးကို ယမန်နေ့ နံနက် (၇)နာရီခွဲမှစတင်၍ အုပ်ချုပ်မှုရုံးခန်းမ၌ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မိုးညှင်းဗဟိုအကျဉ်းထောင်မှ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော် အနီးကပ်ကြီးကြပ်ဆောင်ရွက်မှုဖြင့် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အကျဉ်းသား အကျဉ်းသူ (၃၃)ဦးနှင့် အချုပ်သား အချုပ်သူ (၁၉)ဦး စုစုပေါင်း (၅၂)ဦး၊ ထပ်ဆောင်းကာကွယ်ဆေး (Booster Doses) ထိုးနှံရန်ကျန်ရှိနေသည့် အကျဉ်းသား အကျဉ်းသူ (၁၀၄၈)ဦးနှင့် အချုပ်သား အချုပ်သူ (၅၁)ဦး စုစုပေါင်း (၁၀၉၉)ဦးတို့ကို ၎င်းအကျဉ်းထောင်မှ ဆရာဝန် ဒေါက်တာလရိန်နှင့် လက်ထောက်ကျန်းမာရေးမှူး ဒေါ်မြမြဦး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း မိုးညှင်းဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိထံမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)