ညောင်ဦး ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသထွက် နဂါးမောက်သီးများ လှိုင်လှိုင်ပေါ်ချိန် တစ်ကီလို ၁၀၀၀ကျပ်သာ ရောင်းချနေရကြောင်း ဆင်ဆင်းကျေးရွာ နဂါးမောက်ခြံစိုက်တောင်သူ ဒေါ်စန်းစန်းမြင့်ထံက သိရသည်။
ပုပ္ပားဒေသထွက် နဂါးမောက်သီးများသည် အရည်အသွေး ကောင်းမွန်သော်လည်း နဂါးမောက်သီးများ ခြံတိုင်းလှိုင်လှိုင်ထွက်ရှိချိန် ဈေးနှုန်းကျဆင်းသွားလေ့ရှိကြောင်း သိရပြီး နဂါးမောက်ခြံစိုက်ပျိုးခြင်းအား ပုပ္ပားကျေးရွာ၊ တောင်ကလပ်ကျေးရွာ၊ ပုပ္ပားလွင်ကျေးရွာ၊ ဆည်၊ နဂါးလည်ကျေးရွာ၊ လျှော်တော၊ ဆင်ဆင်းကျေးရွာများတွင် စိုက်ပျိုးကြပြီး နဂါးမောက် အဖြူသီးနှင့် အနီသီးနှစ်မျိုးစိုက်ပျိုးကြကြောင်း လျှော်တောကျေးရွာနဂါးမောက်စိုက် တောင်သူ ဒေါ်စန်းစန်းမြင့်မှ ရှင်းပြသည်။ နဂါးပင်များ နယုန်လတွင် စတင်ဖူးပွင့်ပြီး ကဆုန်လတွင် အသီးမှည့်၍ စတင်ရောင်းချရကြောင်း သိရပြီး ဖူးလိုက်၊ ပွင့်လိုက်၊ သီးလိုက်ဖြင့် ကဆုန်လမှ တန်ဆောင်မုန်းလရောက်မှသာ နဂါးမောက်သီး ရာသီပြီးဆုံးကြောင်း ဆင်ဆင်းကျေးရွာ နဂါးမောက်စိုက်တောင်သူ ဦးအောင်ဝင်းက ရှင်းပြသည်။
နဂါးမောက်ပင်များသည် ရေကြိုက်သော်လည်း ရေဝပ်သည်ကို မနှစ်သက်ကြောင်း၊ အပင်ပင်စည်သည် နွယ်မျိုးပင်စည်ဖြစ်ကာ လေးလံခြင်းကြောင့် ကွန်ကရစ်တိုင်များဖြင့်ဖြစ်စေ၊ ခိုင်ခန့်သည့် သစ်သားတိုင်ဖြင့်ဖြစ်စေ၊ သံကြိုးတန်းကာ တစ်ပင်ခြင်းဖြစ်စေ၊ အတန်းလိုက် ဖြစ်စေ၊ စင်ခံစိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ နဂါးမောက်သီးများပေါ်ချိန် ဈေးနှုန်းမှာ တသမတ် ထဲမရှိပဲ နဂါးမောက်သီးဆွတ်ခူးသည့် အသုတ်လိုက်သာ ဈေးနှုန်းအတက်အကျရှိတတ်ကြောင်း နဂါးမောက်သီးတခါသီးလျှင် ဈေးနှုန်းနှစ်မျိုး အမြဲရောင်းရတတ်ပြီး တစ်ကီလို ၅၀၀ကျပ်မှ ၁၀၀၀ ကျပ်ထိရောင်းချရသည်များလည်းရှိကြောင်း၊ နဂါးမောက်သီး ရောင်းချရာတွင် Online မှာသာ ဈေးနှုန်းကြီးနေခြင်းဖြစ်ကြောင်း ဦးအောင်ဝင်းမှ ပြောကြားကာ ပုပ္ပားဒေသထွက် နဂါးမောက်သီးများ လှိုင်လှိုင်ပါ်ချိန် တစ်ကီလို ၁၀၀၀ ကျပ်သာ ရောင်းချနေရကြောင်း နဂါးမောက်ခြံစိုက်ပျိုးတောင်သူ ဒေါ်စန်းစန်းမြင့်က ပြောကြား၍ သိရသည်။
ကိုကြေးမုံ