အလုံ ဇူလိုင် ၂၆
ပြည်သူများ ခြင်မှတဆင့်ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယမန်နေ့ညနေ ၃ နာရီက ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနအစီအစဉ်ဖြင့် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းလမ်းနှင့် စောတောင်ရပ်ကွက်၊ ကျောင်းလမ်းရှိ နေအိမ်များအတွင်းရှိ ခြင်ခိုအောင်းနိုင်သောနေရာများအား ခြင်ဆေးမှုတ်ခြင်း၊ ရေဝပ်သောနေရာများ၊ ရေစည်၊ ရေအိုးများအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများကို ကြက်ခြေနီစေတနာ့လုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အလုံမြို့နယ်ကြက်ခြေနီအသင်းအနေဖြင့် မိုးတွင်းရာသီကာလတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ခြင်ခိုအောင်းနိုင်သောနေရာများ၊ စာသင်ကျောင်းများ၊ နေအိမ်များတွင် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တင်တင်ချို (ပြန်/ဆက်)