ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ရှမ်းရွာသစ် ဇူလိုင် ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကိုအခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် အခြေခံပညာမူလတန်းကျောင်းတွင် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းရာတွင် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား/သူများအား လပ်ချိန်တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာပေများကိုဖတ်ရှုတတ်သည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုခြင်းဖြင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်းသိရှိစေရန်နှင့် စာကြည့်တိုက်သို့လာရောက်ပြီး စာအုပ်စာစောင်များငှားရမ်းဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်အတွက် စာအုပ်၊ စာစောင်များကို အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး မိုဘိုင်းစနစ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/သူများဖတ်ရှုနိုင်စေရန် ရုပ်ပြစာအုပ်များကို တစ်ဦးလျှင်တစ်အုပ်နှုန်းဖြင့် ငှားရမ်းခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသနေပြည်သူများအတွက် အပတ်စဉ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် ဗဟုသုတရရှိနိုင်မည့် သုတ/ရသ စာအုပ်များကိုလည်း စာငှားသူတစ်ဦးလျှင် (၂) အုပ်နှုန်းဖြင့် (၇) ရက် ကြာအချိန်ပေး၍ စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)