စုကလိမြို့တွင် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်း

စုကလိ ဇူလိုင် ၂၆

ကရင်ပြည်နယ် မြဝတီခရိုင် ၊ စုကလိမြို့သည် ရေခံမြေခံ ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်ပြီး ဒေသတွင်းစိုက်ပျိုးရေး တစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများအား ဒေသတွင်းစီးပွားရေး တစ်ခုအဖြစ် စိုက်ပျိုးလာရာ ယခုနှစ်တွင် ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း သိရသည်။

အစေ့ထုတ်ပြောင်းများအား စိုက်ပျိုးရာတွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသော မျိုးစေ့အမျိုး အစား ၃၂၈ ၊ ၃၆၈ အမျိုးအစားအား အများဆုံးစိုက်ပျိုးကြပြီး မြေလွတ်မြေရာများ တောင်ကုန်းတောင်စောင်းများတွင် အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ပိုင်တစ်နိုင်မှ တစ်ဖက်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသို့ စျေးကွက်စီးပွားရေးထိုးဖောက် ရောင်းချ နိုင်သည်အထိ လုပ်ကိုင်လာကြပြီးဖြစ်သည်။

အဆိုပါ အစေ့ထုတ်ပြောင်းများ စိုက်ပျိုးလာကြရာတွင် ဒေသတွင်းစီးပွားရေး တစ်ခုသာမက ထိုင်းနိုင်ငံမှ စျေးကောင်းပေးဝယ်ယူပြီး အကျိုးတူစီးပွားဆောင်ရွက်ကြပြီး စုကလိမြို့သည် အစေ့ထုတ်ပြောင်းစိုက်ပျိုးခြင်း၊ ငရုပ်သီးမျိုးကောင်းထွက်ရှိခြင်းတို့ကြောင့် စိုက်ပျိုးရေးဖြင့် အောင်မြင်သည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

စုကလိ (ပြန်/ဆက်)