မြေအောက်ရေသွင်းစိုက်ပျိုးသည့် ထိုင်ဝမ်ခဝဲခင်းများ အောင်မြင်ဖြစ်ထွန်း

ညောင်ဦး ဇူလိုင်  ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ကြသည့် ကျေးရွာများဖြစ်ကြကာ ဈေးကွက်အတွင်း ရောင်းတန်းဝင်မည့် စားသုံးသီးနှံ၊ ဟင်းသီးဟင်းရွက် အမျိုးမျိုး စိုက်ပျိုးရောင်းချသည့် ကျေးရွာများဖြစ်ကြောင်း သိရကာ လဲဂွကျေးရွာနှင့် ညောင်ဖြူပင်ကျေးရွာတို့မှ တောင်သူများ ခဝဲသီးနှံ စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းပြီး သီးသလောက်ရောင်းချရခြင်းကြောင့် ဈေးကွက်အခြေအနေ တွက်ခြေ ကိုက်နေကြောင်း လဲဂွကျေးရွာ ခဝဲစမ်းသပ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသည့် တောင်သူ ဒေါ်ဌေးကြည်ထံက သိရသည်။

ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လက်ပံအိုင့်၊ လဲဂွ၊ ကုန်းတဲ၊ ညောင်ဖြူပင်၊ မုန့်ကုန်း၊ ညောင်ချိုင်း၊ စည်ပင်စာ၊ ဆပ်ပြာကျင်း၊ကင်မွန်းခြုံကျေး ရွာများသည် ဈေးကွက်အတွင်းရောင်းပန်းဝင်မည့် ဈေးကောင်းရရှိမည့် ထိုင်ဝမ်ပိန္နဲ၊ မာလ ကာသီး၊ အိန္ဒိယဒန့်သလွန်၊ ဆလပ်ရွက်အမျိုးမျိုး၊ ကညွတ်ဖူး၊ ဖရဲအမျိုးမျိုး၊ ကြက်တူရွေး ပဲသီး၊ ပေါက်ပန်းဖြူ ၊ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်၊ ဗူး၊ဖရုံ၊ ကြက်ဟင်းခါးသီးစသည့် ဟင်းသီးဟင်းရွက် အမျိုးမျိုး စိုက်ပျိုးရောင်းချကြသည့် ကျေးရွာများဖြစ်ကြကာ ယခုအခါ တွင်လည်း ခဝဲသီးနှံစမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်ကောင်းမွန်နေ ကြောင်း အချိန်တစ်လခွဲနှင့် ခဝဲသီးပေါ်ကာ ရောင်းချရခြင်းကြောင့် ငွေအမြန်ပေါ်သည့် ခဝဲ စိုက်ပျိုးခြင်းအား စိုက်ပျိုးသင့်ကြောင်း မုန့်ကုန်းကျေးရွာ ခဝဲစိုက်ပျိုးတောင်သူဦးနန်းတင်က ရှင်းပြသည်။

ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများသည် ခဝဲမျိုးစေ့ထုတ်အား မျှားနီတံဆိပ် ခဝဲမျိုး ဝယ်ယူစိုက်ပျိုးကြပြီး မျိုးစေ့တစ်အိတ် အစေ့ရှစ်စေ့သာပါဝင်ကြောင်း တစ်ထုတ်(၅၀၀) ကျပ်ပေးဝယ်ရပြီး ရေသွန်းမြောင်းစနစ်ဖြင့် အစေ့တိုက်ရိုက်ထည့်စိုက်ပျိုးရပြီး ရေမြောင်း စနစ်ဖြင့် မြေအောက်ရေသွင်းစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီးတစ်အကြာတွင် အပွင့်ပွင့်ကာ အသီးသီးပြီး အပင်တက်ရန်အတွက် စင်လုပ်ပေးရကြောင်း သိရသည်။ မျှားနီခဝဲတံဆိပ်သည် အရွက်ထွက်သည့် အပင်အဆစ်(ဆင့်)တိုင်း အသီးသီးပြီး ပေါ်ဦး‌ပေါ်ဖျားကာလတွင် ခဝဲသီး တစ်တောင့် ၂၅၀ကျပ်ရောင်းချခဲ့ရပြီး ခဝဲသီးလှိုင်လှိုင်ပေါ်ချိန် တစ်ထောင့် ၁၅၀ ကျပ်သာ ရောင်းချရတော့ကြောင်း ခဝဲစိုက်တောင်သူ ဦးတင်ထွန်အောင်မှ ရှင်းပြ၍ သိရကာ ဈေးကွက် ကောင်းမွန်ပြီး ငွေအမြန်ဖော်နိုင်သည့် ခဝဲသီးနှံစိုက်ပျိုးခြင်းအား စိုက်ပျိုးသင့်ကြောင်း၊ ထွက်ရှိ လာသည့် ခဝဲသီးများအား ဟင်းသီးဟင်းရွက်ပွဲစားများက စိုက်ခင်းထိ လာရောက်ဝယ်ယူခြင်း၊ စိုက်ခင်းရှင်ကိုယ်တိုင် ကျောက်ပန်းတောင်းဈေးသို့ သွားရောက်ရောင်းချကြကြောင်း သိရသည်။

ကိုကြေးမုံ