ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး (ဒုတိယ) အကြိမ်(၃၀၀)ဦး ဆက်လက်ထိုးနှံ

ဒဂုံအရှေ့ ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို‌ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၅)အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် အမှတ်(၁၃)အခြေခံပညာ မူလတန်းကျောင်းတို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွန်ချက်များနှင့်အညီ ယမန်နေ့ နံနက်(၈)နာရီတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် အမှတ်(၅)အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ်(၁၃)အခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ အသင်းဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေး အသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်းတို့အား ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ အမှတ်(၅)အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် အမှတ်(၁၃)အခြေခံပညာ မူလတန်းကျောင်းတို့မှ (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ယခု ဇူလိုင်လ(၂၅)ရက်နေ့၌ (ဒုတိယအကြိမ်) အဖြစ်(၃၀၀)ဦး ထပ်မံထိုးနှံပေးခြင်းနှင့် အဆိုပါကျောင်းများမှ အကြောင်း အမျိုးမျိုးကြောင့် ပထမအကြိမ်မထိုးနှံရ‌သူ ကျောင်းသား/သူ (၃၀)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန် ကျန်ရှိနေသေးသည့် ကျောင်းသား/သူများအားလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

ဝင်းအိမွန်(ပြန်/ဆက်)