လားရှိုးမြို့တွင် အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး

လားရှိုး ဇူလိုင် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံမှုများအနေဖြင့် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးတွင် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသောသူများ၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး Booster Dose ထိုးနှံရန်ကျန်ရှိသူများအားလည်းကောင်း၊ မြို့တော်ခန်းမတွင် ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားသားစုများ First/Second Dose နှင့် Booster Dose ထိုးနှံရန် ကျန်ရှိသူများအားလည်းကောင်း၊ ဒေသန္တရ ကျန်းမာရေးရုံးများတွင်လည်း First Dose နှင့် Booster Dose ထိုးနှံရန် ကျန်ရှိသူများအား သတ်မှတ်အချိန်များအလိုက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း အသက်(၅)နှစ်နှင့်(၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများကို၊ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ပထမအကြိမ် (၂၆၁၉၁)ဦးနှင့် ဒုတိယအကြိမ်(၄၃၈၃)ဦး ထိုးနှံပြီးကာ အသက်(၁၂)နှစ်နှင့်(၁၈)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ပထမအကြိမ် (၁၆၅၉၅)ဦးနှင့် ဒုတိယအကြိမ် (၁၃၇၉၅)ဦးတို့အား လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)