ကွတ်ခိုင် ဇူလိုင် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ခရိုင်ပညာရေးကြီးကြပ်မှု ကော်မတီမှကြီးမှူး၍ ၂၀၁၉-၂၀၂၀ခုနှစ်၊ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်းသား” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။
အခမ်းအနားတွင် ကွတ်ခိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်က ၂၀၁၉-၂၀၂၀ပညာသင်နှစ်၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများနှင့် သင်ကြားပေးခဲ့ကြသည့်ဆရာ၊ဆရာမများအား ဂုဏ်ပြုကြောင်း၊ သင်ကြားပေးခဲ့ကြတဲ့ဆရာ၊ ဆရာမများ အနေဖြင့်လည်း ယခုလက်ရှိအခြေအနေ ထက်နောက်လာမည့် ပညာသင်နှစ်တွင် ပိုမိုတိုးတတ်အောင်ဆက်လက်ကြိုးစားပေးကြပါရန်၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော်အတွက် ထူးချွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညွန့်မှလည်း ဂုဏ်ထူးရကျောင်းသား/သူများနှင့် ဆရာ၊ဆရာမများအား ဂုဏ်ပြုအားပေးစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြမြဦးမှ ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုအသင်းဥက္ကဌ ဦးသူရလွင်မှအသင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်နိုင်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပညာရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၉)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၅၁)ဦး၊ စုစုပေါင်း(၇၁)ဦးနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် (၂)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ စုစုပေါင်း(၄)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။ဆက်လက်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ၂၀၂၁-၂၀၂၂ အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ဘာသာရပ်အလိုက် ဂုဏ်ထူးအများဆုံးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြရာ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပြည်မြန်မာ”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)