သမဝါယမနှင့်ကျေးလက်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသား တောင်သူ(၅)ဦးအား GW 11 အထွက်ကောင်း မျိုးစပါးစိုက်ပျိုးမှုကြည့်ရှု

တပ်ကုန်း ဇူလိုင် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်စံပြကျေးရွာ၊ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းဝင်၊ အသင်းသားတောင်သူ(၅)ဦး ပိုင်ဆိုင်သည့်လယ်မြေ(၇)ဧကတွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် Great Wall Tomrrow  Hi-Tech Agriculture Co,Ltd ၏ GW 11 အထွက်ကောင်းမျိုးစပါးပံ့ပိုးမှုဖြင့် အစေ့ချ(စီဒါ)စိုက်ပျိုးခြင်း၊ ကြဲပက်စိုက်ပျိုးခြင်း၊ ပျိုးထောင်ခြင်းနှင့် တောင်သူများအား တွေ့ဆုံခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျေးရွာ၊ ကွင်းအမှတ်(၂၀၄၅)ကွင်း၊ အဆင့်မြင့်လယ်ယာ ရှင်းလင်းဆောင်ခန်းမတွင် ကျင်းပသည်။    

အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက တောင်သူများအနေဖြင့်  ဓာတ်မြေဩဇာများကို တတ်နိုင်သရွေ့လျော့သုံးစွဲရန်၊ ကျွဲ/နွားနောက်ချေးများ နှင့်သဘာဝမြေဩဇာ(ဘိုကာရှီ)များ အသုံးပြုနိုင်ရေး ရှင်းလင်းမှာကြားခဲ့ပြီးနောက် အစေ့ချ(စီဒါ) စိုက်ပျိုးနေမှုနှင့် ပျိုးထောင်လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက စပါးစိုက်တောင်သူ ဒေါ်ခင်မြင့်ရွှေ၏ စိုက်ဧက (၁.၂၅)ဧက၊ လယ်စိုက်ကွက်တွင် GW 11 အထွက်ကောင်းမျိုးစပါးများ ကြဲပက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်