မိတ္ထီလာ ဇူလိုင် ၂၅
မိတ္ထီလာမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းရရှိရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် လူသုံးကုန် ထုတ်လုပ် နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ သင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အထောက်အကူပြုစေရန်၊ မိသားစု တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင်နိုင်ရန်၊ တစ်ဦးချင်းဝင်ငွေတိုးပွားစေရန်၊ ပြည်တွင်းတွင် လူသုံးကုန်ပစ္စည်းနည်းပညာများ ထုတ်လုပ်လာနိုင်ခြင်းကြောင့် ပြည်ပမှသွင်းကုန်အစားထိုး လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းများပေါ်ထွန်းလာစေရန်၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းများ ရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာပညာရပ်များ ပြန့်ပွားလာပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီး ဦးသာဝက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။ ၎င်းသင်တန်းဆင်းပွဲအခမ်းအနားကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်း၊ ခရိုင်အမျိုးသမီးရေးရားအဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး ဦးသာဝနှင့်သင်တန်းနည်းပြများ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ပြီး သင်တန်းကို ဇူလိုင် ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်အထိ အဝတ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် Hand Gel စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)