သီပေါမြို့နယ်တွင် နေကြာသီးနှံကွင်းပြပွဲနှင့် တောင်သူနည်းပညာပေး သင်တန်းကျင်းပပြုလုပ်

သီပေါ ဇူလိုင် ၂၅

နေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်း အကျိုးအမြတ်များရရှိစေရန်၊ တောင်သူများဝင်ငွေတိုးတက်ရရှိစေရန်၊ ဒေသတွင်းစားသုံးဆီဖူလုံနိုင်စေရန်၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉နာရီက ဘော်ကြိုကျေးရွာရှိ တောင်သူ ဒေါ်နန်းဌေး၏ မိုးနေကြာ (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ် စံပြစိုက်ခင်းတွင်  နေကြာသီးနှံကွင်းပြပွဲနှင့်ထုတ်လုပ်ခြင်း နည်းပညာသင်တန်းပေးခြင်း အခမ်းအနားကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမောင်မောင်အေးက ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းစားသုံးဆီဖူလုံနိုင်မည် ဖြစ်ကြောင်း၊ နေကြာအားသီးသန့် စိုက်ပျိုးခြင်းသာမက သီးထပ်၊ သီးညှပ်ပါစိုက်ပျိုးနိုင်သည့်အတွက် စိုက်ပျိုးရန် အထူးသင့်တော်သည့် ဆီထွက်သီးနှံဖြစ်ကြောင်း၊ အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်သည့် သီးနှံဖြစ်ကြောင်းစသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဝင်းထင်စိုးက နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍လည်းကောင်း၊ သီပေါမြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက နေကြာသီးနှံစိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်များနှင့် စိုက်ပျိုးထားရှိမှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ကြသည်။

ထို့နောက် ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်မြင့်နွယ်နှင့်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဒေါ်ချောစုထွေးတို့က တောင်သူများအား စိုက်ပျိုးရေးနည်းပညာများကို ပို့ချခဲ့ကြကြောင်း၊ နေကြာသီးနှံကွင်းပြပွဲနှင့်တောင်သူနည်းပညာပေးသင်တန်းအား စုစုပေါင်း (၁၄၅)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)