ပင်းတယမြို့နယ်ထွက်၊ အော်ဂဲနစ်နဂါးမောက်သီးများ တခြားဒေသများသို့တင်ပို့ရောင်းချ

ပင်းတယ ဇူလိုင်၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှထွက်ရှိသည့် အော်ဂဲနစ်နဂါးမောက်သီးများအား တခြားဒေသများရှိစျေးကွက်များသို့  ဖြန့်ချီတင်ပို့ရောင်းချလျက်ရှိသည်။

ပင်းတယမြို့နယ်ထွက်  သဘာဝ(အော်ဂဲနစ်) နည်းပညာစနစ်များဖြင့်စိုက်ပျိုးထားသည့် နဂါး မောက်သီးများ  ဇူလိုင်လဝက်ခန့်မှစတင်ကာ၊ စျေးကွက်အတွင်းရောက်ရှိနေပြီဖြစ်သည်။ နဂါး မောက် စိုက်ပျိုးရာတွင် သဘာဝမြေဩဇာဖြစ်သည့် ကြက်ချေး၊ နွားချေး၊ ဖွဲပြာများကိုသာ အသုံးပြုစိုက်ပျိုးရသည်။

စိုက်ပျိုးပြီး ကာလ(၈)လ ခန့်ကြာလျှင် အသီးများရင့်မှည့်ခူးဆွတ် နိုင်ပြီး၊ ရေကြိုက်သော်လည်း ရေဝပ်နေသည်ကိုမနှစ်သက်ပေ။ အပင်ပိုးကျခြင်းဖြစ်သည့် မှိုရောဂါနှင့် ဘတ်တီးရီးယား ရောဂါများကာကွယ်ရန် အထူးဂရုပြုရမည်ဖြစ်သည်။ ခရုတွယ်လျှင် ကောက်ယူ၍ အပင်နှင့် ဝေးရာသို့ လွှင့်ပစ်ရမည်ဖြစ်ပြီး အပင်ရင်းတွင် ကြက်ဥခွံချေ၍လည်းကောင်း၊ ပြာများဖြင့် လည်းကောင်း ကျဲချပေးရမည်ဖြစ်သည်။ နဂါးမောက်သီးများအား ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရယူကာ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာစနစ်များဖြင့်  စိုက်ပျိုး ထားရှိကြောင်းသိရသည်။ တောင်ပေါ်ဒေသ၊ တော၊ တောင်၊ ရေ၊မြေ သဘာဝနှင့် ကိုက်ညီသည့် စိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးထားခြင်းဖြစ်ပြီး၊ အော်ဂဲနစ်နဂါးမောက် စိုက်ခင်းများမှ ထွက်ရှိသည့်၊ ထိုင်းနိုင်ငံမျိုးရင်းနဂါးမောက်တစ်ပင်လျှင် အလုံးရေ ၂၅ လုံးခန့်ထွက်ရှိပြီး၊ နဂါးမောက်သီး အလုံး ၃၀ ပါ တစ်သေတ္တာအား  ကျပ်ငွေ( ၁၂၀၀၀)  ကျပ်ခန့် ရရှိကြောင်း၊ နဂါးမောက်သီးစျေးကွက်တွင်အလုံးအရွယ် အစားပေါ်မူတည်၍ အသေး၊ အလတ်၊ အကြီး ဟူ၍ ကျပ်ငွေ ၄၀၀၊ ၅၀၀၊ ၆၀၀ အထိ ရရှိကြောင်းနှင့်  အလုံးအရွယ်အစား ဆိုဒ်စုံ တစ်ပိသာ လျှင်(၁၂၀၀) ကျပ်ခန့်ဖြင့် ဖောက်သည်စျေးရှိပြီး၊ ပင်းတယမြို့မှတဆင့် ရန်ကုန်၊ မန္တလေးမြို့ ကြီးများသို့တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

အေးအေးလတ်