ပြင်ဦးလွင် ဇူလိုင်၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာပေပြပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာပေပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များအကြောင်း၊ နံရံကပ်စာစောင် တွင် ဖော်ပြထားသည့် ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ် အပိုင်းအခြား၊ ကလေးအလုပ်သမားများအား ကောင်းမွန်သော အလုပ်အကိုင်ရရှိရေး၊ ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာကာကွယ်နိုင်ရေး၊ မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေတွင် ကလေးအလုပ်သမားများနှင့် ပတ်သက်သည့် ပြဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ကလေးသူငယ်ဥပဒေပါအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ ပြပွဲတွင် ခင်းကျင်းပြသထားသော စာအုပ်စာပေများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဖြူလူသစ် (ပြန်/ဆက်)