ကျောက်ပန်းတောင်း ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းရှိ စကားဝါခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ လူငယ်များ အသိပညာဗဟုသုတ ရရှိစေရန်အတွက် လူငယ်နှင့်ပညာရေး၊ ကျန်းမာရေး၊ ဗလငါးတန်ဖွံ့ဖြိုးရေး၊ သတင်းအမှန်/သတင်းအမှားခွဲခြားနားလည်စေရေးနှင့် အားကစားကိုလူငယ်များ ပိုမိုစိတ်ပါဝင်စားလာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရပြီး၊ ရှေ့ဦးစွာညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က လူငယ်နှင့်အသိပညာဖွံ့ဖြိုးရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာ/ကြံ့ခိုင်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့်ဗလငါးတန်ဖွံ့ဖြိုးရေး၊ သတင်းမှား/မှန် ခွဲခြားသိမြင်နိုင်ရေးတို့ကို ဆွေးနွေးဟောပြောသည်။ ဆက်လက်၍ ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုထွေးက လူငယ်နှင့်အားကစားဆိုင်ရာကိစ္စများ၊ အား/ကာသိပ္ပံကျောင်းအကြောင်းသိကောင်းစရာများနှင့် တက်ရောက်လိုသူများအတွက် လိုအပ်သည့် အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမင်းသန်းက လူငယ်နှင့်ခေါင်းဆောင်မှုအကြောင်းအရာများကို ရှင်းလင်း ဟောပြောသည်။ ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို့နယ် တာဝန်ခံတို့က အားကစား အထောက်အကူပြုပစ္စည်းများဖြစ်သည့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်ပိုက်၊ ပင်ပေါင်၊ဘက်တန်အစရှိသည်တို့ကို ပေးအပ်လှူဒါန်းရာ၊ အမှတ်(၁)အ.ထ.က ကျောင်းအုပ် ဆရာမကြီးဒေါ်နိုင်နိုင်ဝင်းနှင့် ဘာသာရပ်သင်ဆရာမကြီးဒေါ်စန်းခင်တို့က လက်ခံရယူကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်းသိရသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်ရုံးဝန်ထမ်းများ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးစီးအရာရှိနှင့် မြို့နယ်ရုံး ဝန်ထမ်းများ၊ အမှတ်(၁) အ.ထ.ကမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် အထမတန်း၊ နဝမတန်း၊ ဒသမတန်းကျောင်းသား/ကျောင်းသူများနှင့် ကြီးကြပ်သူ ဆရာ/ဆရာမ စုစုပေါင်း(၃၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)