မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် မိုးနေကြာမျိုးစေ့ထုတ်သင်တန်းနှင့် စမ်းသပ်ကွက်/ စံပြကွက်များအတွက် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်

မလှိုင် ဇူလိုင် ၂

မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် မိုးနေကြာမျိုးစေ့ထုတ်သင်တန်းနှင့် စမ်းသပ်ကွက်/ စံပြကွက်များအတွက် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က နိုင်ငံတော်မှ တောင်သူများအတွက် မျိုးစေ့နှင့်ပံ့ပိုးပစ္စည်းများ ယခုလိုထောက်ပံ့ပေးအပ်သည့်အတွက် ဝမ်းသာပီတိဖြစ်ရကြောင်း၊ ထောက်ပံ့ပေးသည့် ဆင်းရွှေကြာ (၂) နေကြာ မျိုးစေ့၊ မနောသုခစပါးမျိုးသန့်နှင့်  ပုလဲသွယ်စပါးမျိုးတို့အား စိုက်ပျိုးနည်းစနစ်  မှန်ကန်ပြီး အထွက်တိုးအောင် ကြိုးစားဆောင်ရွက်  သွားကြရန် တိုက်တွန်း  ပြောကြားခဲ့သည် ။ ထိုနောက်  ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးငွေနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးစန်းယုတို့က ဆီထွက် သီးနှံမျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ ပိုးမွှားရောဂါကာကွယ်နည်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တို့အား  ပါဝါပွိုင့်ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးငွေ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးစန်းယု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစု၊  မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးလှမိုးထွေး၊ မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းထိန်တို့မှ ယာကြီးကုန်း၊ ဆည်တို၊ ဒဟ္ဟတ္တန်း၊ လယ်ကြီး၊ မြို့ကုန်း၊ ရေထွက်စသည့် ကျေးရွာ (၆) ရွာမှ တောင်သူ (၄၁) ဦးတို့အား မျိုးစေ့ထုတ် ဧက (၅၀) အတွက် ဆင်းရွှေကြာ(၂)နေကြာ မျိုးစေ့(၅၀)ထုပ်၊ မြို့ကုန်း နှင့် ညောင်အုပ်ကျေးရွာမှ တောင်သူ (၄၃) ဦးတို့အား မနေသုခစပါးမျိုးသန့် (၅၀) တင်း၊ မြို့ကုန်းကျေးရွာမှ  တောင်သူ(၁၆)ဦးတို့အား တင်း(၁၀၀)နှင့်အထက် ထွက်ရှိရေး စံပြကွက် (၃၀) ဧကအတွက် ပုလဲသွယ်စပါးမျိုး (၂၁၀) ထုပ်၊ ထို့အပြင် စိုက်ဧကပြည့်ဝစေရေးအတွက် ကျေးရွာ(၆) ရွာမှ တောင်သူ (၉) ဦးတို့အား ပဲစဉ်းငုံတန်းကြား စိုက်ပျိုးရန် ဧက (၃၀) အတွက် နေကြာမျိုးစေ့ (၁၅) အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)