ဆွမ်ပရာဘွမ် ဇူလိုင် ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ဇူလိုင်၂၃ရက်မွန်း လွဲ(၁)နာရီက မြို့နယ်ဘန်ရူခန်းမ ၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ယခုလူငယ်နှောင်ခါလူကြီးဖြစ်လာချိန်၌ အတတ်ပညာ၊ အသိပညာများနှင့် ပြည့်စုံကာကိုယ့်ဒေသ၊ ကိုယ့်မြို့နယ်၊ ကိုယ့်နိုင်ငံအတွက်ကျရာကဏ္ဍမှ ပါဝင်ရမည်ဖြစ်ကြောင်း၊ လူငယ်မောင်မယ်များသည် လမ်းကြောင်းမှန်ရန် ကောင်းသည့်လမ်းကိုရွေးရန်လိုအပ်ကြောင်း၊ လူကုန်ကူးမှုသည်အဓမ္မအလုပ်ခိုင်းစေခြင်း၊ မိမိတို့အားနည်းချက်များအပေါ် အခွင့်အရေးယူတတ်ခြင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များသာမက အမျိုးသားများလည်း ဖြစ်တတ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆွမ်ပရာဘွမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး မျိုးအောင်ထွန်းက မူးယစ်ဆေးဝါးသည် ဦးနှောက်နှင့်အာရုံကြောကို ထိခိုက်ထုံထိုင်းကာ မူးယစ်စေခြင်း၊ စိတ်ရောကိုယ်ပါ စွဲလမ်းမှုဖြစ်စေပြီး မသုံးစွဲဘဲမနေနိုင်ခြင်း၊မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းနှင့် ယာဉ်စည်းကမ်း၏ လိုက်နာရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်စည်းကမ်းချက်များ၊ လမ်းကူး၊ လမ်းဖြတ်၊ စည်းကမ်းချက်များကို Projector ဖြင့် ပြသကာ အသိပညာပေးဟောပြောသည်။
ထို့နောက် ဆွမ်ပရာဘွမ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဝင်းလှိုင်က စိုက်ပျိုးရေးနည်းစနစ်များ၊ စိုက်ပျိုးပင်များကို ပြုစုပျိုးထောင်နည်းစနစ်များ၊ မြေသြဇာအာဟာရဓာတ်ပေးရမည့် နည်းများကို အကျယ်တဝင့် အသိပညာပေးဟောပြောသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများ၁၂၆ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)