လားရှိုး ဇူလိုင် ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)၌ ဖွင့်လှစ်ခဲ့သော ကွန်ပျူတာ(အခြေခံ) ၂/၂၀၂၂ သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းဆင်းပွဲအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(တွဲဖက်ပြည်နယ်ရုံး) ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦး ကသင်တန်းဆင်းအမှာစကားပြောကြားရာ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာနအနေဖြင့် အများပြည်သူအတွက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများအကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ကွန်ပျူတာကို အနည်းဆုံးအခြေခံအဆင့်မှသည် ပညာရှင်အဆင့်အထိ နားလည်တတ်ကျွမ်းရန်လိုအပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် သင်တန်းဆရာ ဦးထက်မြတ်စိုးက သင်တန်းဆင်း နှုတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် ကွန်ပျူတာ(အခြေခံ) ၂/၂၀၂၂ သင်တန်းဆင်းလက်မှတ်များကို လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများ ကိုယ်စားသင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ သင်တန်းများတွင် ကူညီသင်ကြားပြသပေးသော သင်တန်းဆရာ ဦးထက်မြတ်စိုးက သင်တန်းကာလတစ်လျှောက် ထူးချွန်ဆုရရှိသော သင်တန်းသားအား ဂုဏ်ပြုဆုကိုပေးအပ်ခဲ့ပြီးနောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ယနေ့သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သော ကွန်ပျူတာ(အခြေခံ) ၂/၂၀၂၂ သင်တန်းအား လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)