မြဝတီ ဇူလိုင် ၂၃
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများအားလုံး လုံခြုံမှုပြည့်ဝစွာဖြင့် မိမိတို့၏ လူမှုစီးပွားဘဝအား လွတ်လပ်စွာဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးနှင့်နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း လုံခြုံရေးနှင့်နယ်မြေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သား အရာရှိစစ်သည်များအား ဇူလိုင် ၂၁ ရက်နေ့က စားသောက်စရာများနှင့် ထောက်ပံ့ငွေများအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှသွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးရဲဇင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ အဖွဲ့ဝင် ဗိုလ်မှူး ဇေယျာထွန်း၊ ဦးအောင်မင်းစိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက မြဝတီမြို့၊ သင်္ဃန်း ညီနောင်စစ်ဆေးရုံတွင် သွားရောက် ထောက်ပံ့လှူဒါန်းခြင်းဖြစ်သည်။
အဆိုပါ သင်္ဃန်းညီနောင်စစ်ဆေးရုံတွင် ဆေးတက်ရောက်ကုသနေသည့် အရာရှိ ၆ ဦး၊ စစ်သည် ၃၄ ဦး တက်ရောက် ကုသလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)