ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား ဇူလိုင် ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်အားပေးခဲ့ကြသည်။

ရှေးဦးစွာ ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည့် ဘာသာရပ် ပေါင်းစုံမှ ပြိုင်ပွဲဝင်အမျိုးသားဘောလုံးအသင်း (၁၀)သင်းနှင့် အမျိုးသမီးဘောလုံးအသင်း (၅)သင်းတို့မှ အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်က ယနေ့တက္ကသိုလ်တွင် ကျင်းပပြုလုပ်မည့် အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲသည် အားကစားကဏ္ဍကို မြှင့်တင်နိုင်သည့် အလေ့အကျင့် ကောင်းတစ်ခုဖြစ်သည့်အပြင် ကိုယ်ကာယကြံ့ခိုင်ပြီး စိတ်ဓာတ်ကောင်းမွန်သော၊ စုပေါင်း ဆောင်ရွက်တတ်သော ကျောင်းသားလူငယ်ကောင်းများဖြစ်လာစေရေး၊ အနာဂတ်နိုင်ငံတော် အတွက်ထက်မြက်သည့် နိုင်ငံ့သားကောင်းများကို မွေးထုတ်ပေးနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ရမည့် အလေ့အကျင့်ကောင်း တစ်ခုလည်းဖြစ်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများ အနေဖြင့် တက္ကသိုလ် ပြိုင်ပွဲမှတစ်ဆင့် ပြည်နယ်လက်ရွေးစင်၊ နိုင်ငံ့လက်ရွေးစင်ကစားသမားများ ဖြစ်လာစေရန်အစွမ်းကုန် ကြိုးစားသွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးပြိုင်ပွဲအသင်းများအတွက် ထောက်ပံ့ငွေကျပ်  (၂၀) သိန်းနှင့် မြောက်ပိုင်းတိုင်းစစ်ဌာ နချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးက ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ထောက်ပံ့သည့် အားကစားအထောက် အကူပြုပစ္စည်းများကို ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းထံ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကဖွင့်ပွဲအထိမ်းအမှတ် မြစ်ကြီးနားတက္ကသိုလ်ကျောင်းသူလေးများက Physical Fitness Dance အကဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမည့် သင်္ချာအသင်းနှင့် ဒဿနိကဗေဒအသင်းတို့မှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်က ဘောလုံးကန်ဖွင့်လှစ်ပေးကာ အသင်းနှစ်သင်း၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)