မိုင်းယောင်း ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “ပန်းသွင်လှပ မွှေးကြူရေးလူကုန်ကူးမှုတားဆီးပေး”ခေါင်းစဉ်ဖြင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်နဲ့ လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်တို့က လူကုန်ကူးမှုအဓိပ္ပာယ်ဖော်ဆောင်ချက်၊ လူကုန်ကူးမှုဖြစ်ရသည့် အကြောင်းရင်းများ (မူရင်းနိုင်ငံဘက်နှင့် လက်ခံရာဦးတည်နိုင်ငံများဘက်)၊ တစ်ကမ္ဘာလုံး လူကုန်ကူးမှုအခြေအနေနှင့် မြန်မာနိုင်ငံ၏ လူကုန်ကူးခံရမှုအခြေအနေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် မြန်မာနိုင်ငံ၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စီမံကိန်းများချမှတ်ကာ ကြိုးပမ်းဆောင်ရွက်နေပုံ၊ ထိုချမှတ်ထားသည့် စီမံကိန်းများနှင့်အညီ နိုင်ငံတကာမှ လက်ခံသောစံနှုန်းများပါဝင်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း၊ ဥပဒေအရအရေးယူသည့်လုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ အဖွဲ့အစည်းအသီးသီး၊ ပြည်သူတစ်ရပ်လုံးက နိုးကြားသောသတိ၊ ထက်မြက်သော အသိတရားများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြပုံများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း