နေပြည်တော် ဇူလိုင် ၂၃
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာအုပ်စု၊ ပေါစံခေါကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ရဲမှူးကြီးကိုကိုလွင်၊ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုနှင့် GBHကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ ဦးဝေလင်းစိုးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် အခွင့်အလမ်းရရှိစေရေးအတွက် ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာမှာ ကျောင်းဆောင်လုံလောက်ရေး၊ ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းဝန်းလုံခြုံပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ သင်ကြားသင်ယူနိုင်ရေးသည် လွန်စွာအရေးပါကြောင်း၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်မည့် (၁၀၀×၃၀)ပေ ကျောင်းဆောင်(၂၅)ကျောင်းဆောက်လုပ်နေပြီး ယခုဆိုရင်(၆)ကျောင်း ဆောက်လုပ်ပြီးပြီ ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး လိုအပ်သည့် ကျောင်းဆောင်များရရှိရေးအတွက် နေပြည်တော်ကောင်စီအနေဖြင့် ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် အချက်အလက်များကို GBHကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ ဦးဝေလင်းစိုးကလွဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူးတာဝန်ခံ ဦးတင်ဆန်းက လက်ခံရယူသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်ပြီး ပျဉ်းမနားမြို့နယ်၊ လဲလူးအိုင်ကျေးရွာအုပ်စု၊ လဲလူးအိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ရဲမှူးကြီးကိုကိုလွင်၊ နေပြည်တော်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုနှင့် တော်ဝင်ထီးလှိုင်ကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ ဦးတင်မောင်ဦး တို့က ကျောင်းဆောင်သစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် အချက်အလက်များကို GBH ကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ ဦးတင်မောင်ဦးက လွဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူးတာဝန်ခံ ဦးတင်ဆန်းက လက်ခံရယူသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယနေ့ဖွင့်လှစ်သည့် ကျောင်းဆောင်သစ်များမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အလျား ၁၀၀ ပေ၊ အနံ ၃၀ပေ၊ အမြင့် ၁၂ ပေရှိ တစ်ထပ်ကျောင်းဆောင်များဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)