နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

နောင်ချို ဇူလိုင် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက် ဆင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဘူတာရပ်ကွက်အတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊   မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ လိုက်ပါ၍ ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း အသိပညာပေးပြောကြားခြင်း၊ ပိုးလောက်လမ်း မပေါက်ပွား စေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်စေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဘူရပ်ကွက်အတွင်းအဖွဲ့များခွဲ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ လုပ်ငန်းများကို အပတ်စဉ်သောကြာနေ့တိုင်း ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)