မလှိုင် ဇူလိုင် ၂၃
မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်း ဖွင့်လှစ်ထားရှိသော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် တက်ရောက်နေသော ကလေး(၅၃)ဦးတို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်တို့မှ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ယမန်နေ့နံနက်(၁၀)နာရီအချိန်က သွားကျန်းမာရေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူလတန်းကြိုအရွယ်ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာဘက်စုံဖွံ့ဖြိုးတိုးတက်မှုများရရှိစေရေးအတွက် စနစ်တကျပြုစုပျိုး ထောင်ပေးပြီး ကလေးသူငယ်များအားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်စေလိုသော ရည်ရွယ်ချက်များဖြင့် မူလတန်းကြိုကျောင်းတက်ရောက်နေသော ကလေး(၅၃)ဦးတို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သွားဆရာဝန် ဒေါက်တာချမ်းသာဦးက စနစ်တကျသွားတိုက်နည်းပုံစံတို့အား သွားရုပ်တုဖြင့် သရုပ်ပြသခဲ့ခြင်း၊ ကလေးငယ်များ၏ သွားရောဂါများ စမ်းသပ်စစ်ဆေးပြီးနောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက သွားတိုက် ဆေးဗူး(၅၃)ဗူးတို့အား ကလေးများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဌေး