မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်- ၁၉ရောဂါကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြောက်ဥက္ကလာပ ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁နာရီအချိန်က ကိုဗစ်- ၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အမှာစကားပြောကြားရာတွင် မြောက်ဥက္ကလာပ မြို့နယ်ဝေဘာဂီရပ်ကွက်ရှိစက်မှုသင်တန်းကျောင်းတွင် Quarantine Centre ဖွင့်လှစ်ထားခဲ့ရာ ယခုအခါအဆိုပါကျောင်း၌ စက်မှုသင်တန်းကျောင်းပြန်လည်ဖွင့်လှစ် မည်ဖြစ်သည့်အတွက် စင်တာအား ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေနှင့် စင်တာအသစ်ထားရှိနိုင်ရန် ဝိုင်းဝန်း၍ အဆင်ပြေမည့်နေရာအား ရွေးချယ်ပေးကြစေလိုကြောင်း၊ ညွှန်ကြားချက်များအရ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိ ပြည်သူမျာအား ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်စေလိုကြောင်း၊ Mask Campaign များဆောင်ရွက်စေလိုကြောင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းပုံစံ (၆၆/)များအားဆော့ဝဲလ်ထည့်သွင်းရေးလုပ်ငန်းများအားအမြန်ဆုံးဆောင်ရွက်နိုင်ရေးတို့အားအမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ဌာနဆိုင်ရာများပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့ညိုဝင်းက ဆွေးနွေးရာတွင် ဆေးထိုးစင်တာသည်အခက်အခဲမရှိကြောင်း Quarantine Centre ထားရာတွင်နေရာအခက်အခဲရှိကြောင်း၊ ယခုအခါလမ်းညွှန်ချက်များအရ ရောဂါပိုးတွေ့ရှိလူနာများအား Home Quarantine သာထားရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်အသစ်ပြန်လည်ထွက်လာပါက မယ်လမုဘုရားရှိ Quarantine Centre တွင်ပြောင်း ရွှေ့ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာများမှ လိုအပ်သည်များ ဖြည့် စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)