မောက်မယ် ဇူလိုင် ၂၂
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အထောက်အကူပြုစေရေး အမျိုးသားဝတ္တရားများဖြစ်သည့် လူမှုဂရုဏာလုပ်ငန်းကို အခြေခံ၍ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေအဖွဲ့(ACCESS TO HEALTH FUND)၏ အကူအညီဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အာရ်အိုင်မြန်မာ(Relief International)တို့ ပူးပေါင်း၍ အရန်သားဖွားအခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက မောက်မယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်နိုင်က အရန်သားဖွားအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားကာ အာရ်အိုင်မြန်မာ (Relief International) တောင်ကြီးရုံးမှ လက်ထောက်စီမံချက်မန်နေဂျာ ဒေါက်တာနှင်းနန္ဒာဝင်းမှ အာရ်အိုင်မြန်မာ (Relief International) လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီးသင်တန်းသူများမှ ရှမ်းရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားပြီးမြောက်ခဲ့သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ အာရ်အိုင်မြန်မာ(Relief International) လက်ထောက်စီမံချက်မန်နေဂျာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသူများ(၂၅)ဦး တက်ရောက်ပြီး အဆိုပါသင်တန်းအား ဇူလိုင်လ(၂၅) ရက်နေ့မှ ၂၀၂၃ ဇန်နဝါရီလကုန် အထိ (၆)လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)