ဘားအံ ဇူလိုင် ၂၂
ကရင်ပြည်နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူတိုင်း နိုင်ငံသားကတ်ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲစာရင်းမှန်ကန်ရေးတို့ အတွက် e-ID စနစ်ကို အသုံးပြု၍ နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် နိုင်(၄)၊ အိမ်ထောင်စုလူဦးရေ စာရင်း ပုံစံ ၆၆/၆ တို့ကို ကွန်ပျူတာအတွင်းရေးသွင်းခြင်းကို ဘားအံမြို့ ကရင်ပြည်နယ်လွှတ်တော်ရုံးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးတို့တွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲခန့်က ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့သို့ e-ID စနစ်ဖြင့် ရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများရှိ ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းများက ပြည်နယ်လွှတ်တော်ရုံးခန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးတို့တွင် နှစ်နေရာခွဲ၍ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး သတ်မှတ် ကာလ(၂)လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် e-ID စနစ်ဖြင့် နိုင်(၄)၊ ပုံစံ ၆၆/၆ ရေးသွင်းခြင်းအား ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်မီးနှင့်အင်တာနက်လိုင်းများ ပြတ်တောက်မှုမရှိစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များမှာကြားကာ ပြည်နယ်ဝန်ကြီးချုပ်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများအတွက် ငွေကျပ်(၃)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သာယာ ဦးပေါက်တံတား၌ ယာဉ်ရပ်နားရာနေရာ ဆောင်ရွက်နိုင် ရေးနှင့် ဘားအံ-လှိုင်းဘွဲလမ်းမကြီး မဲဘောင်လမ်းပိုင်း၌ လမ်းဘေးဝဲယာရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူ၊ အင်ဂျင် နီယာမှူးကြီးဦးစိုးလွင်နှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)