မြိတ်မြို့တွင် ဆဋ္ဌမအကြိမ်မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းနှင့် ပစ္စည်းလေးပါး (ဆန်၊ ဆီ၊ ဆေး၊ ဆား) ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မြိတ် ဇူလိုင် ၂၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဆဋ္ဌမအကြိမ်မြောက် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအလှူရှင်များစုပေါင်း၍ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် ပစ္စည်းလေးပါး (ဆန်၊ ဆီ၊ ဆေး၊ ဆား) ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နေ့လယ်ပိုင်းက မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ သာသနာ့ဗိမာန်အတွင်းတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက ရွှေကြာသင်္ကန်းနှင့် ပန်း၊ ရေချမ်း ဆက်ကပ်ပူဇော်ခဲ့ကြသည်။ ထိုနောက် လှူဒါန်းပွဲကို ကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က“နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တလာသန လှည်းဘီးကျောင်းတိုက်ဆရာတော်ထံမှ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။

ယင်းနောက် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိများမှ ပင့်သံဃာတော် အရှင်သူမြတ်(၁၁)ပါးတို့အား ဝါဆိုသင်္ကန်းနှင့် ပစ္စည်းလေးပါး (ဆန်၊ ဆီ၊ ဆေး၊ ဆား)တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ ကန်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ လှူဒါန်းပွဲကို "ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြသည်။

မြိတ်မြို့နယ်အတွင်းရှိ ဝါဆိုဝါကပ်တော်မူကြသည့် ဝါဆိုကျောင်း(၁၆၉)ကျောင်းနှင့် သီလရှင် (၁၈)ကျောင်းရှိ သံဃာတော်နှင့် သီလရှင်များအား တာဝန်ရှိသူများက ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍ ဝါဆိုသင်္ကန်းနှင့် ပစ္စည်းလေးပါး (ဆန်၊ ဆီ၊ ဆေး၊ ဆား) ဆက်လက်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)