မြိတ်တက္ကသိုလ်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ်  ဇူလိုင်   ၂၂

မြိတ်တက္ကသိုလ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ကကျင်းပခဲ့ရာ တနင်္သာရီတိုင်း လူမှုရေးရာဝန်ကြီး တက်ရောက်ခဲ့ပြီး တက္ကသိုလ်အနုပညာအသင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

“မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့၊ မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့နေရာမှာလည်း ကျောင်းသား/သူကနေတဆင့် လူထုထဲကို ရောက်သွားတဲ့အထိ ထိန်းသိမ်းနိုင်အောင်လို့ ဒီပြိုင်ပွဲကို ကျင်းပတာဖြစ်ပါတယ်”ဟု မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက ပြောသည်။

အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို တနင်္သာရီတိုင်း လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက ပြိုင်ပွဲဝင်အမှတ်ပေး စည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်တက္ကသိုလ် အနုပညာအသင်းသို့ ထောက်ပံ့သည့် ကျပ်သိန်း(၃၀)ကို လူမှုရေးရာဝန်ကြီးက ပေးအပ်ရာ ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲစတင်ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အကပြိုင်ပွဲနှင့် အဆိုပြိုင်ပွဲတွင် ကျောင်းသား/သူ(၂၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအား တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား/သူများ ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်နှင့် ဆုရရှိကြသော ကျောင်းသား/သူများအား  တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)