သပိတ်ကျင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

သပိတ်ကျင်း ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေချစ်မြတ်နိုးသူများတိုးပွားလာစေရန်၊ စာပေမှရရှိသော ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားပြုစုသည့် လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်မှ အောင်မြင်ခြင်းအတွက် တည်ဆောက်ယူခြင်း၊ အဆုံးကျခြင်းနှင့်နှလုံးလှခြင်း၊ ပညာရေးအစ စာအုပ်များဖြင့် အစပြုပါ ခေါင်းစဉ်များဖြင့် ရေးသားထားသည့် ဆောင်းပါးများအား စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း အဖွဲ့ဝင်များ၊ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများမှ အပြန်အလှန် ဆွေးနွေးးခဲ့ကြသည်။

သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့ကျင့်ကောင်းများရရှိစေရန်၊ ဗဟုသုတများတိုးပွားစေရန်ရည်ရွယ်ပြီး စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် အသိပညာပေး Talk Show များကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)