ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာ

 

ကမ္ဘာပေါ်တွင် နှစ်စဉ်ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ပေါင်း  ၁ ဒသမ ၂ သန်းခန့်ရှိရာ နေ့စဉ် လူ ၃၀၀၀ ကျော်တို့ ယာဉ်အန္တရာယ်ဖြင့် သေဆုံးနေကြရခြင်း ဖြစ်သည်။  ယာဉ်မတော် တဆမှု ဖြစ်စဉ်များသည် လူ၏အားနည်းချို့ယွင်းမှု၊ ယာဉ်၏ အားနည်းချွတ်ယွင်းမှု၊ လမ်း၏ အားနည်းချွတ်ယွင်းမှု၊ ရာသီဥတု ပြင်းထန်ဆိုးရွားမှု စသည့်အကြောင်းရင်းခံတစ်ခုခုကြောင့်ဖြစ် ပြီး အဓိကအားဖြင့် လူကြောင့် အများဆုံး ဖြစ်ပွားရခြင်းဖြစ်သည်။

 


မြန်မာနိုင်ငံတွင်   ကိုဗစ်-၁၉   ရောဂါကူးစက်ပြန့်ပွားမှု မစတင်မီနှစ်များဖြစ်သည့်  ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့အတွင်း နှစ်စဉ်ယာဉ်တိုက်မှု ၁၅၀၀၀ နီးပါးခန့်နှင့် ဒဏ်ရာရသူ ၂၀၀၀၀ ကျော်၊ သေဆုံးသူ ၄၀၀၀ ကျော်တို့ရှိခဲ့သည်။ ယမန်နှစ် ၂၀၂၁ ခုနှစ်တွင် အမြန်လမ်းမကြီးအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ယာဉ်တိုက်မှုပေါင်း ၆၄၂၀၊ ဒဏ်ရာရသူ ၈၃၁၁ နှင့် သေဆုံးသူ ၃၁၅၈ဦးတို့   ရှိခဲ့ရာ   ယာဉ်အန္တရာယ်၊  လမ်းအန္တရာယ်သည် ယာဉ်မောင်းနှင်သူ၊ ယာဉ်အသုံးပြုသူ၊ လမ်းအသုံးပြုသူတိုင်းက အထူးဂရုပြုရမည့် အန္တရာယ်များဖြစ်ကြောင်း ပြဆိုနေခြင်းပင် ဖြစ်သည်။ ယာဉ်တိုက်မှုများဖြစ်ပွားရာတွင်     မော်တော်ယာဉ်များ သာမက     မော်တော်ဆိုင်ကယ်ဖြစ်စဉ်များက   ထက်ဝက်ခန့် ပါဝင်နေရာ မော်တော်ယာဉ်မောင်းနှင်သူ၊     စီးနင်းသူများရော      မော်‌တော်ဆိုင်ကယ်မောင်းနှင်သူ၊    စီးနင်းသူများပါ    မိမိတို့ ကိုယ်တိုင်၏ အသက်အန္တရာယ်လုံခြုံရေးအတွက်ရော၊ လမ်းပေါ် တွင်   သွားလာနေသူများအတွက်ပါ  စည်းကမ်းလိုက်နာခြင်းဖြင့်  ဘေးကင်းကွာ နိုင်ကြမည်ဖြစ်သည်။

 


အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ (NRSC) က ယာဉ်မတော်တဆထိခိုက်မှုအန္တရာယ် ကြောင့် ပြည်သူတို့၏ အသက်နှင့် လူမှုဘဝဆုံးရှုံးမှုများ၊ ဒဏ်ရာ ရမှုများ လျော့နည်းကျဆင်းစေရေးအတွက် အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ရေး လုပ်ငန်းအစီ အမံ (၅) ရပ်နှင့်အညီ လိုက်နာဆောင်ရွက်ရန် နှိုးဆော်ထားသည်။ NRSC ၏  အသိပေးနှိုးဆော်ချက်တွင်  (က)   မော်တော်ယာဉ် မောင်းနှင်သူနှင့်   စီးနင်းသူများ   အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်ရန်၊ (ခ) ဆိုင်ကယ်မောင်းနှင်သူနှင့် နောက်မှစီးနင်းသူများ အရည်အသွေးမီ ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်ရန်နှင့် မေး သိုင်းကြိုး ခိုင်ခံ့မြဲမြံစွာ တပ်ဆင်ရန်၊ (ဂ) အရက်မူးယစ်သေစာ  သောက်စား၍ ယာဉ်မောင်းနှင်မှုမပြုရန်၊ (ဃ) ယာဉ်မောင်းနှင် နေစဉ် ဟန်းဖုန်းမသုံးရန်နှင့် (င) မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမမောင်းရန် အသိပေး နှိုးဆော်ထားသည်။

 


မော်တော်ယာဉ်မတော်တဆမှုဖြစ်ပွားပါက အသက်ကယ် ထိုင်ခုံခါးပတ်မပတ်ပါက ဒဏ်ရာရမှု နှစ်ဆခန့်၊ သေဆုံးမှု လေးဆ ခန့် ပိုမိုသည်။ ဆိုင်ကယ်မတော်တဆမှုတွင်လည်း အရည်အသွေး မီ ဆိုင်ကယ်စီးဦးထုပ်မဆောင်းပါက ဒဏ်ရာရမှု နှစ်ဆကျော်ကျော် နှင့် သေဆုံးမှု လေးဆနီးနီးပိုမိုကြောင်း သိရသည်။ ယာဉ်တိုက်မှု ကြောင့်   သေဆုံးသူများ၏   သုံးပုံ တစ်ပုံသည်  အရက်မူးပြီး ကားမောင်းခြင်းကြောင့်ဖြစ်ပြီး လေးပုံ တစ်ပုံခန့်မှာ ကားမောင်း စဉ် ဖုန်းပြောခြင်းနှင့် ဆက်စပ်သည်ဟု ဆိုသည်။

 

မော်တော်ယာဉ် မောင်းနှင်ရာတွင် အမြန်နှုန်းမြင့်သည်နှင့်အမျှ မတော်တဆဖြစ် စဉ်တွင်   အသက်ရှင်နိုင်ရန်   အခွင့်အရေးနည်းသထက်နည်းပါး သည်ဖြစ်ရာ   ယာဉ်အန္တရာယ်၊  လမ်းအန္တရာယ်ကြောင့် အသက် အန္တရာယ်နှင့်  ကိုယ်လက်ခန္ဓာထိခိုက်မှု‌တို့မှ  ရှောင်ရှားနိုင်ရေး အတွက်  အသိပေးနှိုးဆော်ချက် (၅)ရပ်နှင့်အညီ  လိုက်နာဆောင်ရွက် ကြရေး    အကျိုးမျှော်ကာ    ထပ်ဆင့်  နှိုးဆော်တိုက်တွန်းအပ် ပါကြောင်း။     ။