ပြည်ပနိုင်ငံများသို့ အလည်အပတ်သွားရောက်ရန်ဟုဆိုကာ Passport for Visit-PV အမျိုးအစား နိုင်ငံကူးလက်မှတ်လျှောက် ထား၍ မိမိနိုင်ငံမှ ထွက်ခွာသွားကြပြီး ပြည်ပနိုင်ငံတွင်မူ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူ အလုပ်လုပ်ကြရာမှ အခက်အခဲ၊ ပြဿနာများပေါ်ပေါက်ပြီး ဒုက္ခရောက်သူများစွာ ရှိနေသည်။ ၎င်းတို့ ဆိုက်ရောက်ရာ နိုင်ငံများနှင့်ဒေသများ၏ အနေအထားတို့အရ ကူညီဖြေရှင်းဆောင်ရွက်ပေးရန် ခက်ခဲမှု များလည်း ရှိနေသည်ဟု သိရသည်။
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူတိုင်း အလုပ် သမားဝန်ကြီးဌာနတွင် ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်၍ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ရရှိ မှသာ ပြည်ပသို့ သွားရောက်လုပ်ကိုင်ကြရန် များမကြာမီကပင် အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ထားသည်။ မိမိနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ သွားရောက်ကြရာတွင် သွားရောက်ကြမည့် အကြောင်းအရာ အလိုက် အလည်အပတ်(Passsport for Visit-PV)၊ အလုပ် (Passport for Job-PJ)၊ ပညာသင်(Passport for Education- PE)၊ စီးပွားရေး(Passport for Business-PB)၊ ဘာသာရေး (Passport for Religious-PR)၊ မှီခို(Passport for Dependent-PT) ၊ သင်္ဘောသား(Passport for Seaman-PS) စသည်ဖြင့် နိုင်ငံကူးလက်မှတ်အမျိုးအစား တစ်မျိုးမျိုးကို လျှောက်ထားကြရ သည်။ အကယ်၍ မိမိသည် ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် ရည်ရွယ်၍ သွားမည်ဆိုပါက (Passport for Job-PJ) ကို လျှောက်ထားရမည်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနတွင် ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ကြရမည်ဖြစ်သည်။ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးသော ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Oversea Worker Identification Card-OWIC) ရရှိပြီးမှသာ ပြည်ပသို့ သွားရောက်လုပ်ကိုင်ကြ ရမည်ဖြစ်သည်။
ယခုအခါ ပြည်ပနိုင်ငံများသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်လည်ပတ်နိုင်ရန် ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ် (PV) များ ကိုင်ဆောင်ထွက်ခွာမှုများကို ယခင်ထက်ပိုမို၍ စိစစ် ကြပ်မတ်လာလျက်ရှိကြောင်း သိရသည်။ ရည်ရွယ်ချက်မှာ PV များ ကိုင်ဆောင်ထွက်ခွာ၍ ပြည်ပနိုင်ငံများတွင် တရားမဝင် သွားရောက် အလုပ်မလုပ်ကိုင်ကြစေရန်ဖြစ်ပြီး ယင်းသို့ စစ်ဆေး ခြင်းသည်လည်းကောင်း၊ စစ်ဆေးတွေ့ရှိချက်အရ ပြည်ပသို့ ထွက်ခွာရန် မသင့်ကြောင်း တွေ့ရှိပါက ပိတ်ပင်ခြင်းသည်လည်း ကောင်း ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ အဆိုပါ ဥပဒေအရ OWIC ကတ် ထုတ်ပေးခြင်းသည် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်ကြသည့် အလုပ်သမားများနှင့်စပ်လျဉ်း၍ စာရင်းများ ရရှိနိုင်မည့်အပြင် ပြည်တွင်းရှိ မိသားစုများထံသို့ တရားဝင် လမ်းကြောင်းများမှ ငွေလွှဲပို့ရေး၊ ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လိုင်စင်ရအေဂျင်စီများထံမှ အခွန်အခများရရှိရေး၊ အလုပ် သမားများ ပြည်ပတွင် ပြဿနာအခက်အခဲ တစ်စုံတစ်ရာ တွေ့ကြုံပါက ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးနိုင်ရေး တို့အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ရာ မိမိအကျိုး၊ နိုင်ငံ အကျိုးအတွက် တရားဝင်မှတ်ပုံတင်အလုပ်သမားအဖြစ်သာ သွားရောက်အလုပ်လုပ်ကိုင်ကြရန် နှိုးဆော်တိုက်တွန်းလိုသည်။
နိုင်ငံကူးလက်မှတ် PV အမျိုးအစားကိုင်ဆောင်၍ အလုပ် အကိုင်ဗီဇာများ လျှောက်ထားရယူပြီး ပြည်ပသို့ ထွက်ခွာခြင်း သည် လေဆိပ်၊ နယ်စပ်ဂိတ်စသည်တို့တွင် စိစစ်တားမြစ်ခြင်းခံ ရသောကြောင့် ဆုံးရှုံးမှုများ ဖြစ်စေနိုင်သလို ပြည်ပနိုင်ငံသို့ ရောက်ရှိပြီးနောက် ပြဿနာအခက်အခဲ စသည်တို့ ကြုံတွေ့လာ ပါကလည်း အကူအညီရရှိနိုင်ရန် ခက်ခဲနိုင်သည်။ အရှေ့အလယ် ပိုင်းဒေသနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြပြီး ဒုက္ခ ကြုံတွေ့နေရခြင်းကြောင့် သက်ဆိုင်ရာနိုင်ငံနှင့် နီးစပ်ရာ နိုင်ငံ များမှ မြန်မာသံရုံးများက ကူညီကယ်ဆယ်ရသည့် သတင်းများ မကြာခဏတွေ့ရခြင်းတို့ကို သင်ခန်းစာယူကာ တရားဝင်အလုပ် သမားများအဖြစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ခိုင်ခိုင်မာမာ ဆောင်ရွက် သွားရောက်လုပ်ကိုင်ကြရပါမည့်အကြောင်း။ ။