တရားမဝင်ကုန်သွယ်မှုများ လုံးဝကင်းစင်သည်ထိတိုက်ဖျက်

တရားမဝင်ကုန်သွယ်ရေးသည် ကမ္ဘာ့နိုင်ငံပေါင်းများစွာကို ခြိမ်း ခြောက်လျက်ရှိသကဲ့သို့ပင်          အာဆီယံဒေသတွင်း၌လည်း မြင့်တက်လျက်ရှိပြီး ကဏ္ဍများစွာတွင် ပမာဏအားဖြင့် ကြီးမား လှသည့် ထိခိုက်နစ်နာဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။ မြန်မာနိုင်ငံတွင်   တရားမဝင်ကုန်သွယ်မှုများကို   ထိရောက်စွာ တိုက်ခိုက်နိုင်ရေးအတွက် ဦးဆောင်ကော်မတီဖွဲ့စည်းဆောင်ရွက် လျက်ရှိရာ   ဦးဆောင်ကော်မတီကို  ပြင်ဆင်ဖွဲ့စည်းပြီးနောက် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဖမ်းဆီးရမိမှု အမှုတွဲ ၁၂၄၃၀ မှု၊ ခန့်မှန်း တန်ဖိုးကျပ် ၂၅၀ ဒသမ ၁၇၆ ဘီလီယံ ဖမ်းဆီးရမိခဲ့သည်။
“တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍လည်း မိမိတို့ နိုင်ငံ၌    ဥပဒေကိုကျော်လွန်၍   ဆောင်ရွက်နေခြင်းများရှိပြီး စီးပွားရေးသမားများအနေဖြင့်  ဝိသမလောဘများဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်  လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ ကုန်သွယ်ရေး၊    စီးပွားရေးအပြင်  လုံခြုံရေးအတွက်လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုများမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက်သမားများထံသို့ ငွေကြေး စီးဆင်းမှုများဖြစ်ပေါ်စေပြီး ၎င်းမှတစ်ဆင့် လုံခြုံရေးအရ ထိခိုက် မှုများကို ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုများအား ထိထိရောက်ရောက်ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန်လိုကြောင်း”  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင်  ကျင်းပသည့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်   တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) ၌ အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ 
တရားမဝင်ကုန်သွယ်မှုများကို ကျူးလွန်ကြသူများမှာ ဝိသမ လောဘသမားများဖြစ်ကြပြီး ၎င်းတို့၏ အကျိုးအမြတ်ရရှိရေး အတွက် ဥပဒေကိုရော လူ့ကျင့်ဝတ်များကိုပါ ဖောက်ဖျက်ကြသူ များဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုး အကျိုးဆက်များမှာ ကြီးမားကျယ်ပြန့်လှပြီး မိမိတို့ နိုင်ငံကဲ့သို့  စီးပွားရေးအားနည်းသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ အဖို့ အန္တရာယ်ကြီးသည်။ ဆေးဝါးအတု၊ ကုန်ပစ္စည်းအတု၊ ဓာတုပစ္စည်းအတုများ စသည်တို့ကြောင့် လူ့အသက်ဆုံးရှုံးရခြင်း၊ သဘာဝသယံဇာတများ   ပျက်စီးခြင်းတို့   ဖြစ်ပေါ်စေသကဲ့သို့ အစိုးရများအတွက် အခွန်အခများ ဆုံးရှုံးရခြင်း၊ တရားဝင်စီးပွား ရေးလုပ်ငန်းများ ငွေကြေးဆုံးရှုံးရခြင်းတို့ကို ဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံနှင့်အဓိကကုန်သွယ်ဖက်နိုင်ငံများ   ဖြစ်ကြသည့်  တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန် စသည့်နိုင်ငံများနှင့်  ကုန်သွယ်မှု ကွာခြားချက်များ လေ့လာမှုတွင် International Trade Centre (ITC) ၏ Data များအရ ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှု ကွာခြားချက်သည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ကျော်မှ အများဆုံး ၁၂ ဘီလီယံအထိ ကွားခြားမှုရှိနေသည်ကို တွေ့ရှိရသည့်အတွက် တရားမဝင်ကုန်သွယ်မှုများ ရှိနေကြောင်း ဖော်ပြလျက်ရှိနေရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို ထိထိရောက်ရောက်  ဆက်လက်ဆောင်ရွက်ရန်  လိုအပ်လျက် ရှိသည်။ 
နိုင်ငံတော်တွင် စီးပွားရေးဦးတည်ချက်များနှင့်အညီ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်ရာတွင်    အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးသည် အဓိကအရေးပါလျက်ရှိရာ တရားမဝင်ကုန်သွယ်မှုများ က ပြည်တွင်းရှိ MSME  လုပ်ငန်းများ ရပ်တည်နိုင်စွမ်းမရှိအောင်၊ ထူထောင်၍မရအောင်၊ အနှောင့်အယှက်၊ အဟန့်အတားများစွာ ဖြစ်ပေါ်စေသည်။ ပြည်တွင်းကုန်ထုတ်လုပ်မှု ကျဆင်းခြင်းနှင့် အလုပ်အကိုင်   အခွင့်အလမ်း    နည်းပါးခြင်းတို့   အပါအဝင် နောက်ဆက်တွဲပြဿနာများစွာတို့မှာ   နိုင်ငံကို   ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်စေမည်ဖြစ်သည့်အလျောက် တရားမဝင်ကုန်သွယ် မှုများကို လုံးဝကင်းစင်ပပျောက်သည်အထိ အစိုးရနှင့်ပြည်သူ လက်တွဲကြိုးပမ်းတိုက်ဖျက်ကြရပါမည့်အကြောင်း။        ။