တစ်စည်းတစ်လုံးတည်းသော နိုင်ငံ့အင်အားတည်ဆောက်ရန်လို

 


ယခုတလော သတင်းတု၊ သတင်းမှားများနှင့်ကောလာဟလ အမျိုးမျိုးတို့  တစ်ကြိမ်ပြီးတစ်ကြိမ်၊ တစ်မျိုးပြီးတစ်မျိုး မရိုး အောင် မသမာသူတို့က ထုတ်လွှင့်နေကြသည်။ လတ်တလော ဖြစ်ပွားနေသည့်တိုက်ပွဲဖြစ်စဉ်များမှသည် စက်သုံးဆီကိစ္စ၊ ဘဏ် ကိစ္စ၊ ဝန်ထမ်းအဖွဲ့အစည်းများအတွင်း လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းရန် စေခိုင်းသည်ဆိုသည့်ကိစ္စတို့အထိ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်လိုက်သည့် လုပ်ကြံသတင်းများမှာ နိုင်ငံနှင့်ပြည်သူ လူထုအတွင်း မတည်မငြိမ်ဖြစ်စေရန်၊ အကျပ်အတည်းများဖြစ်စေ ရန်၊ အာရုံအမျိုးမျိုး ရှုပ်ထွေးဝေဝါးစေရန်ပင်ဖြစ်သည်။

အင်တာနက်ကိုအခြေပြု၍ လူထုအတွင်းရောက်ရှိလာနေ သည့် သတင်းအမှားများနှင့် ကောလာဟလများကို သတင်းအမှန် များ အတတ်နိုင်ဆုံးမြန်မြန်ဆန်ဆန် ထုတ်ပြန်ပေးနေစေကာမူ  သတင်းအမှားနှင့်ကောလာဟလများက ရှေ့မှသွားနေခြင်းဖြစ်ရာ ပြည်သူလူထု၏ ချင့်ချိန်ဆင်ခြင်မှုတို့က အရေးကြီးသည်။ သတင်း အမှားများနှင့်ကောလာဟလများကို ကိုယ်တိုင်က လက်မခံ မယုံ ကြည်သင့်သလို ထပ်ဆင့်ဖြန့်ဝေမှုများ မပြုမိကြဖို့လည်း လိုသည်။ စက်သုံးဆီကောလာဟလတွင်    မော်တော်ယာဉ်အသုံးပြုသူ အများစုက စိုးရိမ်ထိတ်လန့်မှုဖြင့် စက်သုံးဆီအရောင်းဆိုင်များ တွင် စုပြုံဝယ်ယူကြရာမှ မနိုင်မနင်းရောင်းချရသည့် အခြေအနေ မျိုး ပေါ်ပေါက်လာပြီး ကောလာဟလထုတ်လွှင့်သူ မသမာသူတို့ အကြိုက်မြင်ကွင်းများ တွေ့ရှိခဲ့ကြရခြင်းဖြစ်သည်။ ရန်ကုန်တွင် ဖြစ်ပေါ်နေသည့် အဆိုပါရက်အတွင်း ကျန်အခြားမြို့အသီးသီးတို့ တွင် သတ်မှတ်ထားသော ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့် တန်းစီရခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနေနိုင်ခဲ့ကြသည်။

ယခုနောက်ထပ်ထွက်ပေါ်လာသည့် သတင်းအမှားမှာ ဘဏ် များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ် နေကြောင်း၊ အချို့ပုဂ္ဂလိကဘဏ်များတွင် ဝန်ထမ်းများကို လစာ များကြိုတင်ထုတ်ပေးကြောင်း စသည်ဖြင့်ဖြစ်ပြီး ရည်ရွယ်ချက် မှာ  ဘဏ်များမှအပ်နှံငွေများကို   စုပြုံထုတ်ယူခြင်းဖြင့် ဘဏ် လုပ်ငန်းစနစ်အတွင်း အခက်အခဲ၊ အကျပ်အတည်းဖြစ်ပေါ်စေရန် နှင့် အကျိုးဆက်အဖြစ် ဘဏ်များနှင့်ဆက်သွယ်ဆောင်ရွက်နေ ကြသည့်စီးပွားရေးလုပ်ငန်းများ မတည်မငြိမ်ဖြစ်လာစေရန် ယုတ်မာကောက်ကျစ်စွာဖြင့် ထုတ်လွှင့်ကြခြင်းဖြစ်သည်။ အကယ် ၍ လတ်တလော ၎င်းတို့ထုတ်လွှင့်လိုက်သည့် သတင်းမှားများနှင့် ကောလာဟလများ ထင်တိုင်းမပေါက်တော့သည့်အချိန်တွင် ပြည်သူလူထုအတွင်း စိုးရိမ်ထိတ်လန့်စေနိုင်သည့်၊ မတည်မငြိမ် ဖြစ်စေနိုင်သည့် နောက်ထပ်နောက်ထပ်သောအကြောင်းအရာ များကို ရှာဖွေကြံစည်ထုတ်လွှင့်နေကြဦးမည်မှာ အသေအချာပင် ဖြစ်သည်။

လက်ရှိ မိမိတို့နိုင်ငံ၏ အခြေအနေမှာ ပြည်တွင်းပြည်ပ အဖျက်အမှောင့်များက ဘက်ပေါင်းစုံမှ အချိန်ကိုက်တိုက်ခိုက်နေ ကြခြင်းကို ရင်ဆိုင်နေကြရပြီး နိုင်ငံပြိုကွဲပျက်စီးသွားနိုင်သည် အထိ အန္တရာယ်ကြီးသည်။ အတွေးအခေါ်အယူအဆပေါင်းစုံ၊ ဦးတည်ချက်ပေါင်းစုံ၊ အမည်နာမပေါင်းစုံ၊ အမှတ်တံဆိပ်ပေါင်းစုံ နှင့်လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းပေါင်းစုံတို့က ပြည်တွင်း၌ အကြမ်းဖက်အဖျက်လုပ်ရပ်များ ပြုလုပ်နေကြသလို ပြည်ပနိုင်ငံအချို့ကလည်း လူ့အခွင့်အရေးအကြောင်းပြကာ မြွေ ပူရာ  ကင်းမှောင့်ရန်   ကြိုးပမ်းနေကြသည်။    အဖျက်နှင့်အတူ အမှောင့်လုပ်ရပ်များကလည်း ဒွန်တွဲနေသည်ဖြစ်ရာ စည်းလုံး ညီညွတ်မှုဖြင့်သာ ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်သည်။ ရပ်ရွာ ဒေသများအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးမှသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြို ကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် နိုင်ငံ တော်အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ တစ်စည်းတစ်လုံးတည်း လက်တွဲကာ    နိုင်ငံ့အင်အားကို    ခိုင်မာတောင့်တင်းအောင် တည်ဆောက်ကြရပါမည့်အကြောင်း။     ။