ထန်းတပင်မြို့နယ် တပွန်ကျေးရွာနေပြည်သူများအတွက် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု လိုအပ်နေ

Image
Image not available

ထင်သာမြင်သာ ပြုပြင်စရာ

 

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ တပွန်ကျေးရွာသည် ပက်အင်း ကလေးကျေးရွာအုပ်စုအောက်တွင် တည်ရှိကာ ကျေးရွာနေပြည်သူများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ကျေးလက်ကျန်းမာရေးဌာနခွဲ မရှိခြင်းကြောင့် ကျေးရွာ အတွင်းရှိ နာမကျန်းလူနာများ၊ သက်ကြီးရွယ်အိုများ၊ သားဖွားမိခင်များ၊ ကလေးငယ် များနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်သည့် လူနာများအတွက် အချိန်မီကုသနိုင်ရန် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု အမြန်လိုအပ်နေကြောင်း သိရသည်။
တပွန်ကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများသည် အများအားဖြင့် ရေလမ်းခရီးကို အဓိကသုံးစွဲနေသော်လည်း နွေအခါတွင် ချောင်းများ တိမ်ကော နေခြင်းကြောင့် အမြဲသုံးမရခြင်း၊ ရေလမ်းခရီးအခက်အခဲအတွက် ၂၀၁၅ ခုနှစ်တွင် လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာခွဲ ငါးရွာအတွက် ရွာချင်းဆက်မြေသားလမ်းကို ဖောက်လုပ်ပေးခဲ့ပြီးဖြစ်သော်လည်း မြေသားလမ်းဖြစ်ခြင်းကြောင့် မိုးတွင်းပိုင်းတွင် သွားလာရေးခက်ခဲခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ကြားမှ ရှစ်မိုင် ခန့်ဝေးကွာသော ဒေါင့်ကြီးကျေးလက်ကျန်းမာရေးဌာနခွဲ၊ ငါးမိုင်ခန့်ဝေးသော ဆတ်ကလေးကျေးရွာ ကျန်းမာရေးဌာနနှင့် ၁၀ မိုင်ခန့်ဝေးကွာသည့် ထန်းတပင် မြို့နယ်ပြည်သူ့ဆေးရုံသို့ အရေးပေါ် ကုသမှုခံယူရခြင်းတို့ကြောင့် ကျေးရွာနေပြည်သူ များ အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုရရှိလာပါက တပွန် ကျေးရွာနေပြည်သူများအပြင် ပက်အင်းကလေးကျေးရွာအုပ်စုအတွင်းရှိ အနောက် တပွန်ကျေးရွာ၊ အရှေ့ညောင်ကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် ပက်အင်းကလေး ကျေးရွာအတွင်း အိမ်ခြေ ၃၅၀ ရှိ အိမ်ထောင်စု ၃၈၀ စုတို့မှ လူဦးရေ ၁၅၃၉ ဦးတို့ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့ကောင်းများ ရရှိလာမည်ဖြစ်သည်။ ကျေးရွာနေပြည်သူများသည် လယ်လုပ်သား၊ ကျပန်းလုပ်သားများဖြစ်ပြီး မိုးရာသီ တစ်ခုတည်းကိုသာ အဓိကထားလုပ်ကိုင်ရသောကြောင့် နွေရာသီရောက်လျှင် အလုပ် လုပ်ကိုင်ရန် လုပ်ငန်းရှားပါးခြင်းကြောင့် ဝင်ငွေနည်းပါးပြီး အခြေခံကျန်းမာရေး စောင့်ရှောက်မှုများနှင့် ကျန်းမာရေးအသိပညာ နည်းပါးသောကြောင့် အရန်သားဖွား၊ အရပ်လက်သည်များကိုသာ အားကိုးနေရသော နေရာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
ကျေးလက်ကျန်းမာရေးဌာနခွဲရရှိရန် ၂၀၁၆ ခုနှစ်မှစတင်၍ လျှောက်ထားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူဆေးရုံနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲတို့မှ ထောက်ခံတင်ပြပေးထားသော်လည်း ကျေးရွာအတွက် ကျေးလက်ကျန်းမာရေးဌာနခွဲမှာ ယခုထိတိုင် မရရှိသေးကြောင်း၊ ကျေးလက် ဆေးပေးခန်းတည်ဆောက်ရန် မြေနေရာကိုလည်း အလှူရှင်မှ ၂၀၁၆ ခုနှစ် ကတည်းက လှူဒါန်းထားရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထင်ကျော်ဦးက ပြောသည်။
ဇင်မင်းထိုက် (ထန်းတပင်)