သုတလိုက စာဖတ်ကြ

Type

 

စာဖတ်ပရိသတ်တစ်ဦး

သည်ဘက်ခေတ်တွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ဗုဒ္ဓဝင်သုတဆိုင်ရာပြိုင်ပွဲများ ခေတ်စားလာသည်။ ကျွန်တော်တို့ခေတ် ငယ်စဉ်ကာလကမူ ကစားဖော်အချင်းချင်း စကားထာဝှက်တမ်းကစားနည်းများ၊ ရုပ်ရှင်ပဟေဠိကစားနည်းများသာရှိခဲ့သည်။

ကျွန်တော်သည် စာဖတ်ပရိသတ်တစ်ဦးပီပီ သုတဆိုင်ရာများကို စိတ်ဝင်စားပါသည်။ အခါအခွင့် သင့်ပါက ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကိုလည်း ဝင်ရောက်ဆင်နွှဲတတ်ပါသည်။ မကြာသေးမီက ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသဏလိုဏ်ဂူတော်အတွင်း ကျင်းပခဲ့သော ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် အထူးပြပွဲသို့ ရောက်တုန်းရောက်ခိုက် ဆဋ္ဌသင်္ဂါယနာဆိုင်ရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို လက်တန်းဝင်ရောက်ဖြေဆိုခဲ့ရာ မေးခွန်း ၁၀ ခုတွင် ခုနစ်ခု အဖြေမှန်ရရှိသဖြင့် ဘောပင်တစ်ချောင်း လက်ဆောင်ရရှိခဲ့ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီး ရောက်ရှိစဉ်ကလည်း သူတို့နိုင်ငံနှင့် ဆက်စပ်သည့် ဗဟုသုတပဟေဠိမေးခွန်းများကို လာရောက်မေးမြန်းကြရာ ဂုဏ်ထူးမရရှိသော်လည်း အောင်မှတ်ရရှိခဲ့သဖြင့် လက်ဆောင်ရရှိခဲ့ဖူးပါသည်။

သည်ဘက်ခေတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ အထူးသဖြင့် သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတို့တွင် ဆုရလူငယ်မောင်မယ်များ အလွန်တော်ကြပါသည်။ ကျွန်တော်တို့မသိသေးသည့်၊ လက်လှမ်းမမီခဲ့သည့် မေးခွန်းများကို ဒက်ခနဲ၊ ဒက်ခနဲ ဖြေဆိုနိုင်ခဲ့ကြပါသည်။

သို့ရာတွင် သာမန်လူငယ်အများစုမှာမူ ဗဟုသုတအပိုင်းတွင် အတော်ချို့ငဲ့နည်းပါးလျက်ရှိသည်ကို တွေ့မြင်ကြားသိနေရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာထက်တွင် ဗဟုသုတဆိုင်ရာများကို လိုက်လံမေးမြန်းတင်ဆက်မှုအစီအစဉ်တစ်ခုတွင် ဖြေဆိုသူ လူငယ်လူရွယ်အတော်များများမှာ သိသင့်သိထိုက်သည့် အခြေခံမေးခွန်းများကိုပင် မသိကြ၊ မှန်အောင်မဖြေ ဆိုနိုင်ခဲ့ကြချေ။

 ဒေသတွင်း အာဆီယံနိုင်ငံများကိုမေးလျှင် တောင်အာရှမှ အိန္ဒိယနိုင်ငံကို ဆွဲထည့်ဖြေသူကဖြေ၊ ကိုယ့်နိုင်ငံအတွင်း မြို့ရွာများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အမြီးအမောက်မတည့် တောင်တခြား မြောက်တခြား ဖြေသူကဖြေနှင့် ရယ်စရာကောင်းသလို အနာဂတ်အတွက် စိုးရိမ် စရာလည်းဖြစ်ရသည်။

ယနေ့ခေတ်လူငယ်အများစုက လက်ကိုင်ဖုန်းတစ်လုံးနှင့် အချိန်ကုန်နေကြသည်။ ဂိမ်းကစားရင်း ဂိမ်းစွဲလမ်းနေသူများကလည်း အများသား။ ကမ္ဘာတစ်ဝန်းလုံးလိုလိုပင်။ ကျွန်တော်တို့ခေတ် ၁၉၇၀ ကျော်၊ ၈၀ လွန်နှစ်ကာလများ၌မူ စာအုပ်မှစာအုပ်။ ကလေးဘဝ ကာတွန်းစာအုပ်မှအစပြု၍ လူငယ် လူရွယ်ဖြစ်သည်အထိ စာအုပ်စာပေများကို စွဲလမ်းနှစ်ခြိုက်စွာ ဖတ်ရှုလေ့ရှိကြသည်။

ကျွန်တော်ကမူ မူလတန်းကျောင်းသားဘဝတွင် ဖခင်ကြီးဝယ်ပေးသည့် ရွှေသွေးဂျာနယ်၊ တေဇဂျာနယ်၊ ကာတွန်းစာအုပ်စသည့် စာအုပ်စာစောင်များအပြင် အလယ်တန်းကျောင်းသားဘဝ၌ နေ့စဉ်ထုတ်သတင်းစာများပါ ဖတ်ရှုဖြစ်သည်။ လမ်းစဉ်ပါတီခေတ်တွင် ကြေးမုံ၊ မြန်မာ့အလင်း၊ လုပ်သား၊ ဗိုလ်တထောင်စသည့် နေ့စဉ်ထုတ်သတင်း စာများအနက် ဗိုလ်တထောင်သတင်းစာတွင် ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲအပါအဝင် အားကစားသတင်းများကို ဓာတ်ပုံနှင့်တကွ ဝေဝေဆာဆာ ဖော်ပြလေ့ရှိသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်း လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံတကာအရေးကိစ္စများကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း သတင်းဆောင်းပါးများအဖြစ် အကျယ်တဝင့် ဖော်ပြပေး လေ့ရှိသည်။

ကျွန်တော်သည် အဆိုပါကဏ္ဍများကို နှစ်သက်၍ ဗိုလ်တထောင်သတင်းစာဖတ်ပရိသတ်တစ်ဦး ဖြစ်လာခဲ့သည်။ ပြည်နယ်နှင့် တိုင်းဘောလုံးပြိုင်ပွဲ ရာသီရောက်လျှင် ကျောင်းက ပြန်ရောက်သည်နှင့် ထမင်းအရင်မစားနိုင်၊ ဗိုလ်တထောင်သတင်းစာမှ ဘောလုံးပွဲသတင်းကို မြိန်‌ရေရှက်ရေ အရင်ဆုံးဖတ်ရှုလေ့ရှိပါသည်။

ထို့အတူ ပင်တိုင်ဆောင်းပါးရှင် ဆရာအောင်ဝင့်၊ ဆရာဆွေလတ်တို့ ရေးသားသော လတ်တလောနိုင်ငံတကာသတင်းဆောင်းပါးများကို အငမ်းမရလေ့လာဖတ်ရှုဖြစ်ပါသည်။ လွန်ခဲ့သည့်လေး၊ ငါးနှစ်က စာအုပ်အဟောင်းတန်းတွင် ထိုခေတ်က ဗိုလ်တထောင်သတင်းစာ၌ ဖော်ပြခဲ့သည့် နိုင်ငံတကာ သတင်းဆောင်းပါးများကို ဆောင်းပါးပေါင်းချုပ်စာအုပ်အဖြစ် ပြန်လည်စုစည်းထုတ်ဝေခဲ့သော ဆရာအောင်ဝင့်၏ “ဖြစ်ရပ်စုံစွာ ဤကမ္ဘာ” စာအုပ်နှင့် ဆရာဆွေလတ်၏ “အရေးအခင်းစုံလင် ကမ္ဘာတစ်ခွင်” စာအုပ်တို့ကို တွေ့ရ၍ ဝယ်ယူဖြစ်ခဲ့သည်။ ဆယ်စုနှစ်များစွာ ကြာညောင်းခဲ့သော်လည်း ထိုဆရာတို့၏ သွက်သွက်လက်လက်ရေးသားတင်ပြ ဟန်များကို ယခုတိုင် သဘောကျနှစ်ခြိုက်နေဆဲပင်။

ထိုခေတ်သတင်းစာများက လူငယ်များ နှစ်သက်သည့် အားကစားကဏ္ဍ၊ နိုင်ငံတကာအရေးကိစ္စများကို စိတ်ဝင်စားသူများအတွက် ဖော်ပြပါ နိုင်ငံတကာသတင်းဆောင်းပါးကဏ္ဍ များဖြင့် ကဏ္ဍစုံလင်လှသည်။

ဗိုလ်တထောင်သတင်းစာက ကမ္ဘာ့ရေးရာများ ကို လေ့လာလျက်ရှိသည့် စာဖတ်ပရိသတ်များအတွက် အချိန်တိုအတွင်း လိုအပ်သော အချက်အလက်များကို အထောက်အကူဖြစ်စေရန်၊ ကမ္ဘာ့ရေးရာ နိုင်ငံတကာသတင်းဆောင်းပါးများကို လေ့လာခြင်းအားဖြင့် အရေးအခင်းများ၊ ပဋိပက္ခများ၊ ပြဿနာများ၊ အဖြစ်အပျက်များ၏ အရင်းခံအကြောင်းတရား၊ ကွဲပြားသည့်အယူအဆ၊ ပါဝင်ကြသူ ကာယကံရှင်များ၏ သဘောထား၊ တွေးခေါ်မြော်မြင်ပုံ၊ ချဉ်းကပ်ပုံ၊ ဆောင်ရွက်ပုံ၊ စေ့စပ်နည်း၊ ဖြေရှင်းနည်း စသည်စသည်တို့ကို လေ့လာခြင်းဖြင့် ဗဟုသုတပိုမိုရရှိနိုင်ရန် မျှော်လင့်၍ တင်ဆက် ဖော်ပြခြင်း ဖြစ်သည်ဟုဆိုသည်။

ကျွန်တော်တို့ခေတ်နည်းတူ မျက်မှောက်ကာလတွင်လည်း နေ့စဉ်ထုတ်သတင်းစာ၊ ဂျာနယ်များကို လူငယ်မောင်မယ်များ စိတ်ဝင်တစား လေ့လာဖတ်ရှုစေလိုပါက လူငယ်ထု ကြိုက်နှစ်သက်သည့်၊ စိတ်ဝင် စားသည့် စာပေ၊ ဂီတ၊ အနုပညာ၊ အားကစား၊ နည်းပညာကဏ္ဍများကို အခါအားလျော်စွာ ပိုမို ထည့်သွင်း ဖော်ပြပေးကြရပါမည်။

စာပေရေစီးကြောင်းသည် တစ်သမတ်တည်း ရပ်တန့်နေသည်မဟုတ်ပါ။ ဆင့်ကဲတိုးတက် ပြောင်းလဲလာတတ်သည့် သဘောသဘာဝရှိပေသည်။

(ဥပမာ)မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေတ်ပြိုင်အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဝန်ကြီးချုပ် ဂျဝါဟာလာနေရူး၏ ဘဝတစ်စိတ်တစ်ဒေသကို ဆဝါးလေ့လာမိလျှင် နေရူး၏ မျိုးဆက်များဖြစ်သော သမီးဖြစ်သူ ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီ၊ နေရူး၏မြေး၊ အင်ဒီရာ၏သားဖြစ်သူ ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီတို့၏ ကြေကွဲဖွယ်ရာ ဘဝဇာတ်ကြောင်းများ၊ ထိုမှ အိန္ဒိယသမ္မတနိုင်ငံ၏ အစဉ်အဆက် ဝန်ကြီးချုပ်များနှင့် လက်ရှိဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ ကာလတိုင် သမိုင်းစဉ်အတိုင်း လေ့လာလိုစိတ်များ ဖြစ်ထွန်းပေါ်ပေါက်လာပေလိမ့်မည်။ ထိုသို့လေ့လာခြင်းအားဖြင့် ကျွဲကူးရေပါ အိန္ဒိယသမ္မတနိုင်ငံ၏ သမိုင်းကိုပါ တစ်ပါတည်း လေ့လာပြီး ဖြစ်ပေလိမ့်မည်။

ထို့အတူ ကျွန်တော်တို့လူငယ်ဘဝ သတင်းစာဖတ်ပရိသတ်တစ်ဦးဖြစ်ခဲ့စဉ်က ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ထင်ရှားကျော်ကြားခဲ့သော အမေရိကန်သမ္မတ ရီဂင်အကြောင်းကို စိတ်ဝင်စားခဲ့ပါလျှင် အမေရိကန်သမ္မတအစဉ်အဆက်ကိုလည်း ဆက်လက်လေ့လာလိုစိတ်များ ပေါ်ပေါက်လာမည်ဖြစ်သည်။ ထိုသို့ လေ့လာရင်း၊ လေ့လာရင်းအားဖြင့် အမေရိကန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲများ၊ အမေရိကန်၏ ဒီမိုကရေစီစနစ်များကိုပါ တစ်ပါတည်းလေ့လာပြီး ဖြစ်ပေလိမ့်မည်။

ထိုနည်းတူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ပြီးလျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်၊ ဗိုလ်ချုပ်နှင့် ခေတ်ပြိုင်ဝန်ကြီးချုပ် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းစသည့် ခေတ်ပြိုင်ခေါင်းဆောင်များကို ဆက်လက်လေ့လာလိုစိတ်များ ဆင့်ကဲဖြစ်ထွန်းပေါက်ဖွားလာပေလိမ့်မည်။ ထိုမှ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို မြင်ကွင်းကျယ်အဖြစ် တစ်ဆက်တစ်စပ်တည်း မြင်တွေ့နိုင်မည် ဖြစ်ပေသည်။

မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် ကျယ်ပြန့်သော ပြည်တွင်းပြည်ပဗဟုသုတများ မပြည့်စုံသေးသည့်တိုင် သိသင့်သိထိုက်ရမည်ဖြစ်သော အခြေခံ ဗဟုသုတပိုင်းဆိုင်ရာများကိုတော့ သိရှိဖို့ လိုအပ်သည်။

ဗဟုသုတရှိသူသည် သူများယောင်တိုင်း လိုက်ယောင်တတ်သူမဟုတ်ပေ။ သူများပါးစပ်ဖျားဖြင့် လမ်းဆုံးနေတတ်သူလည်းမဟုတ်။ အရေးကိစ္စတစ်ခု၊ အကြောင်းခြင်းရာတစ်ခုကို ဗဟုသုတ အခြေခံဖြင့် ပြဿနာ၏အရင်းအမြစ်ကို သိရှိပြီး ကိုယ်ပိုင်ဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ဆုံးဖြတ် နိုင်သူဖြစ်သည်။

ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသကလည်း နှစ် (၃၀) ပြည့် မဟာသုဗောဓာရုံကျောင်းတိုက်နေ့အခါသမယတွင် သောတုဇနအရှင်မြတ်တို့အား -

“သိမြင်လိုလား၊သုတပွား၊ သုတပွားက၊ ပညာရ။

ပညာရလျှင်၊ ကျိုးကြောင်းမြင်၊ ကျိုးကြောင်းမြင်က ချမ်းသာရ”

ဟူသော ဂါထာလင်္ကာကို ဓမ္မလက်ဆောင်အဖြစ် ချီးမြှင့်တော်မူခဲ့ပါသည်။ သို့ဖြစ်၍ သုတပွားလိုသူတိုင်း သိမြင်လိုလားသောစိတ်ဖြင့် စာပေဗဟုသုတများကို လေ့လာဖတ်ရှုကြပါစို့။ ။