ဆိုရှယ်မီဒီယာများပေါ်မှတစ်ဆင့် သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်သည့်လုပ်ငန်းကို ပြည်တွင်း ပြည်ပ ချိတ်ဆက်၍ ဟန်ချက်ညီညီ ပြုလုပ်လျက်ရှိကြသည်။ မြန်မာနိုင်ငံပြိုကွဲ ပျက်စီးရေးအတွက် ငွေအား၊ နည်းပညာအားများဖြင့် အင်တိုက် အားတိုက်ဖြိုခွဲ ဖျက်ဆီးမှုပြုလုပ်နေကြခြင်းဖြစ်သည်။ နိုင်ငံအတွင်း စစ်မီးများ တောက်လောင်ရေး၊ နိုင်ငံအစိတ်စိတ်အမြွှာမြွှာ ပြိုကွဲ ပျက်စီးရေး၊ ပြည်သူနှင့်တပ်မတော်အကြား အမုန်းပွားရေး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား ရန်မီးပွားရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုတို့ ပျက်စီးရေးတို့အတွက် နည်းမျိုးစုံဖြင့် လုပ်ကြံ ဖန်တီးနေကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုးတစိမျှ မကူညီလျှင်သာရှိမည် မြန်မာနိုင်ငံပျက်စီးရေးအတွက် ၎င်းတို့ကိုယ်စားဆောင်ရွက်မည့် အကြမ်းဖက်သမားတို့ကိုမူ ပုံအောလျက် ပံ့ပိုးနေကြကြောင်း တွေ့မြင် ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူမှုကွန်ရက်သုံးစွဲသူ ၂၂ သန်းခန့်ရှိပြီး အများစုက ဖေ့စ်ဘုတ်ကို သုံးစွဲနေကြခြင်းဖြစ်သည်။ မြန်မာ အပါအဝင် နိုင်ငံအချို့တွင် နိုင်ငံရေးသမားများက ဖေ့စ်ဘုတ်ကို အသုံးပြု၍ အမုန်းတရားများလှုံ့ဆော်ခြင်း၊ သတင်းတု၊ သတင်းမှား များထုတ်လွှင့်ခြင်းတို့ကြောင့် ဆိုးရွားသည့် အကျိုးသက်ရောက်မှုများရှိနေကြောင်းကို ကုလသမဂ္ဂနှင့်အခြားအဖွဲ့အစည်းများ သိရှိထား ကြပြီး ဖြစ်သည်။ လက်ရှိအခြေအနေတွင်မူ နိုင်ငံရေးသမားများ သာမက အကြမ်းဖက်အုပ်စုများ၊ အစွန်းရောက်စိတ်အခံရှိသူများကပါ ဖေ့စ်ဘုတ်ကိုသုံးစွဲနေကြပြီး ၎င်းတို့၏ ရည်ရွယ်ချက်အမျိုးမျိုးတို့ အတွက် လူမှုကွန်ရက်စာမျက်နှာထက်တွင် သတင်းတု၊ သတင်းမှား များကို အဆက်မပြတ်ဖော်ပြလျက်ရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖေ့စ်ဘုတ်တွင် လွှမ်းမိုးနေခဲ့သည့် သတင်းနှစ်ပုဒ်မှာ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင် တရားမဝင် ခွင့်ပြုချက်မဲ့ ဆူပူဆန္ဒပြမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့မှုအပေါ် ဖြန့်လွှင့်ခဲ့သည့် မဟုတ်မမှန်သတင်းနှင့် ဆားလင်းကြီးမြို့နယ် ဒုံးတောကျေးရွာတွင် လူများ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံထားရသည်ဆိုသည့် ရုပ်သံဖိုင်ကို ထုတ်လွှင့်ပြီး တပ်မတော်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖြန့်ချိခဲ့သည့် သတင်းမှားတို့ဖြစ်သည်။ အဆိုပါ သတင်းအမှားနှစ်ပုဒ်မှာ ပြည်ပမီဒီယာများသို့ ချက်ချင်းပျံ့နှံ့သွားခဲ့သည်ကိုလည်း တွေ့ရှိရ သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ပြည်တွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် ပြည်သူများက အထင်အမြင်လွဲမှားစေရန်၊ မုန်းတီးစေရန်ဖြစ်ပြီး ပြည်ပတွင်မူ တပ်မတော်၏ ပုံရိပ်ကျဆင်းစေရန်အတွက် မဟုတ်မမှန် လုပ်ကြံကြခြင်းဖြစ်သည်။
ပြည်တွင်း ပြည်ပ ပြည်ဖျက်မီဒီယာများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပြည်ပသံရုံးအချို့အနေဖြင့် အကြမ်းဖက်သမားတို့၏ အပြစ်မဲ့ ပြည်သူများအပေါ် အစုံလိုက် အပြုံလိုက် လုပ်ကြံသတ်ဖြတ်မှုများ၊ လူမဆန်စွာ၊ ရက်စက်စွာ ပြုမူမှုများ ပေါ်ထွက်နေခြင်းကိုမူ မသိကျိုးကျွန် ပြုနေကြပြီး ဖုံးဖိကာကွယ် အားပေးနေကြသလို တစ်ဖက်တွင်လည်း နိုင်ငံမတည်မငြိမ် ဖြစ်စေရေးအတွက် စဉ်ဆက်မပြတ် လှုံ့ဆော်ဖန်တီး လျက်ရှိကြသည်။ လုပ်ကြံဖန်တီးထားသည့် သတင်းတု၊ သတင်းမှား များမှာ လူမှုကွန်ရက်ပေါ်တွင် အမြောက်အမြား နေရာယူထားကြပြီး ထပ်ဆင့်ဖြန့်ဝေမှုများကလည်း အများအပြား ရှိနေသည်။ နိုင်ငံ တည်ငြိမ်အေးချမ်းရေးကို လိုလားသူများအနေဖြင့် လူမှုကွန်ရက်ပေါ်မှ မဟုတ်မမှန် ဝါဒဖြန့်ချိမှုများကို ဆန့်ကျင်ကြရန်နှင့် အမှန်တရား ပေါ်ပေါက်ရေး၊ အကြမ်းဖက်သမားများအား ဖော်ထုတ်ရေး၊ အကြမ်း ဖက်လုပ်ရပ်များ ကာကွယ်တားဆီးရေးတို့တွင် ပူးပေါင်းပါဝင်ခြင်းဖြင့် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ်တို့ကို ကာကွယ်နိုင်ကြ ပါစေကြောင်း။ ။