“မြကန်သာ၊ တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေအေး ကြည်စွာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံသာက၊ နန္ဒာလော၊ တူစွဟုတ္တာ။” ဆိုသည့် မြကန်ဘွဲ့ကဗျာ ကလေးကို ပုဂံခေတ်စာဆိုတစ်ဦးက ရေးဖွဲ့ခဲ့သည်ဟု မြန်မာ အများတို့သိကြသည်။ တောင်ကျချောင်းရေများ တသွင်သွင် စီးဝင််နေသည့်မြကန်အတွင်းမှ ကြည်လင်အေးမြသည့်ရေများ၊ ခိုင်မာစွာဆည်ဖို့ထားသည့် ရေကန်အတွင်း ကြာမျိုးစုံတို့ ဖူးပွင့်လျက်၊ ငှက်မျိုးစုံတို့ ပျော်မြူးကျက်စားနေကြပုံတို့မှာ တာဝတိံသာနတ်တို့ရွာမှ နန္ဒာကန်အလား ထင်မှတ်မှားရပုံတို့ကို ကဗျာရှင်က ဖွဲ့ဆိုထားရာ မျက်မှောက်ခေတ်မြကန်ကို မြင်ရသူ တို့အဖို့ မယုံနိုင်စရာပင်ဖြစ်သည်။
စင်စစ်အားဖြင့် မြကန်ကိုအခြေပြုကာ ပုဂံဒေသအတွင်း ရေစီမံခန့်ခွဲမှုအဆင့်အတန်းမြင့်မားစွာပြုလုပ်ခဲ့သည့် ရှေးခေတ် ပုဂံသားတို့၏ အတတ်ပညာများမှာလည်း မယုံနိုင်စရာကောင်း အောင်ပင်ဖြစ်သည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် ရေကြီး ရေလျှံခြင်း၊ ရှေးဟောင်းအဆောက်အအုံများ၏ တံတိုင်းအတွင်း နှင့် အနီးပတ်ဝန်းကျင်တို့တွင် ရေဝင်မှုထပ်မံမဖြစ်ပေါ်စေရေး အတွက် ပုဂံခေတ်ရေအရင်းအမြစ်စီမံခန့်ခွဲမှုစနစ် သုတေသန ပြုချက်အရ ယင်းသို့ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ရှေးဟောင်း ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်းနှင့် ရှေးဟောင်း ရေကန်များ ပြန်လည်ဆယ်ယူထိန်းသိမ်းခြင်းတို့ ဆောင်ရွက် လျက်ရှိရာတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်း ရေကန် ၁၀၆ ကန်အနက် ၉၁ ကန်ကို အပိုင်းနှစ်ပိုင်းခွဲခြား ဆောင်ရွက်သွားမည်ဖြစ်သည်။ ပထမအဆင့်တွင် ရေကန် ၄၆ ကန်နှင့် ဒုတိယအဆင့်တွင် ရေကန် ၄၅ ကန် သတ်မှတ်ထားရာ ပထမအဆင့် ၄၆ ကန်အနက် ပထမဦးစားပေး ၁၁ ကန်၊ ဒုတိယ ဦးစားပေး ၁၁ ကန်၊ တတိယ ဦးစားပေး ၁၂ ကန်၊ စတုတ္ထဦးစားပေး ၁၂ ကန်တို့ကို ဦးစားပေးအလိုက် ဆယ်ယူထိန်းသိမ်းသွားမည် ဖြစ်သည်ဟု သိရသည်။
ပုဂံခေတ်ရေအသုံးချမှုတွင် မြကန်ရေပိုလွှဲမှ စီးဆင်းလာ သောရေများကို ရေသွယ်မြောင်းများဖြင့် စနစ်တကျသွယ်ယူ ခဲ့ကြပြီး သောက်သုံးရေနှင့် စိုက်ပျိုးရေတို့အတွက် ကန်များတွင် ဆယ်ယူသိုလှောင်ထိန်းသိမ်းသုံးစွဲခဲ့ကြခြင်းဖြစ်ရာ အဆိုပါ ရှေးဟောင်းရေကန်များကို စနစ်တကျဖော်ထုတ်ဆယ်ယူ၍ ဒေသခံပြည်သူများ သောက်သုံးရေ၊ စိုက်ပျိုးရေရရှိအောင် စီမံ ဆောင်ရွက်နေခြင်းဖြစ်သည်။ ပုဂံခေတ်တွင် အုတ်စီရေမြောင်း များဖြင့် ရေသွယ်ယူမှုများ၊ မြေမီးဖုတ်ပိုက်ရေပြွန် အသုံးပြုမှုများ၊ ရေကန်တစ်ကန်မှ တစ်ကန်သို့ ချိတ်ဆက်၍ ရေပို့လွှတ်ခဲ့ပြီး ပုဂံမြို့ ကျုံးအတွင်းသို့ ရေရောက်အောင်စီမံဆောင်ရွက်မှုများ၊ အဆောက်အအုံအတွင်း ရေသွယ်ယူမှုစနစ်များ ရှိခဲ့ကြောင်း အထောက်အထားများတွေ့ရှိရပြီး ဆက်လက်သုတေသနပြု လျက်ရှိသည်ဟု သိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် ၂၀၂၁ ခုနှစ် အတွင်းက ပြင်းထန်စွာမိုးရွာသွန်းခဲ့ခြင်းကြောင့် ရှေးဟောင်းအဆောက်အအုံ များ၏ တံတိုင်းအတွင်း ရေဝပ်ခြင်း၊ ရှေးဟောင်းအဆောက်အအုံ ၆၀ ကျော် ထိခိုက်ပျက်စီးခြင်း၊ လမ်းများပေါ်ရေကြီးရေလျှံခြင်း တို့ဖြစ်ခဲ့သလို ၂၀၂၃ မေလ မိုခါမုန်တိုင်းတိုက်ခတ်၍ မိုးရွာသွန်း မှုကြောင့်လည်း ထိခိုက်ပျက်စီးမှုတို့ရှိခဲ့သည်။ သဘာဝဘေး အန္တရာယ်များကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေပျက်စီး ဆုံးရှုံးမှုမရှိစေရန် ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးအတွက် ရှေးခေတ်ရေကန်များ၊ ရေလမ်းကြောင်းများ ပြုပြင်ထိန်းသိမ်း ခြင်းသည် လွန်စွာအရေးကြီးသည့်အလျောက် နိုင်ငံတော်အစိုးရ က စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းခြင်းလည်းဖြစ်၊ နေ့နေ့ညည ထာဝရကုသိုလ်လည်း ဖြစ်သည့်ရေကန်များ ပြုပြင်ထိန်းသိမ်းရာတွင် စေတနာရှင်အများ ပြည်သူတို့ သဒ္ဓါကြည်ဖြူပါဝင်လှူဒါန်းကြပါရန် နိဗ္ဗာန်အကျိုး မျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။