သာတူညီမျှ ငဲ့ညှာကြရန်လို

 

ကိုဗစ်-၁၉   ရောဂါ  ကာကွယ်ဆေးအပြည့်အဝ   ထိုးနှံပြီးသူများ ထပ်ဆောင်းကာကွယ်ဆေး (Booster Doses) ထိုးနှံခြင်းနှင့်စပ်လျဉ်း ၍ ဝေဖန်ငြင်းခုံမှုများရှိရာ   အထူးသဖြင့် ကာကွယ်ဆေးတစ်ကြိမ် မျှ မထိုးနှံရသေးသူများ မြောက်မြားစွာရှိနေသေးသည့်အခြေအနေ တွင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကြောင့်   ဆေးဖြန့်ဝေမှု  သာတူညီမျှမရှိခြင်းအပေါ်တွင် စောဒက  တက်ကြခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း    ကာကွယ်ဆေး      ထပ်ဆောင်းထိုးနှံပေးရန် အမှန်တကယ်လိုအပ်ကြောင်း  ပြသနိုင်လောက်သည့် သိပ္ပံနည်းကျ အထောက်အထားများမရှိဟူ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် များက ပြောကြားထားသည်။

 


ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အမေရိကန်ကဲ့သို့သော နိုင်ငံကြီးက အပြည့်အဝထိုးနှံပြီးချိန်တွင် ကာကွယ်ဆေးအနည်းငယ် မျှသာ ထိုးနှံနိုင်သေးသည့် အိန္ဒိယနိုင်ငံမှ ဒယ်လ်တာ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ပေါ်ပေါက်လာကာ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများစွာ တို့ကို ကပ်ရောဂါလှိုင်း   ပြန်လည်ရိုက်ခတ်စေခဲ့သည့် သာဓကကို လည်း တွေ့ရှိရသည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မြန် ဆန်ဆန် မျှမျှတတ လွှမ်းခြုံထိုးနှံနိုင်ရေးကို ဦးစားပေးရန် လိုအပ် သည့်အပြင် ကျင့်ဝတ်သဘောအရလည်း လူအားလုံး သာတူညီမျှ ကပ်ရောဂါမှ ကာကွယ်မှုရရှိရန် လိုအပ်သည်။ အသက်ကယ်အင်္ကျီ ရှိထားပြီးသူများကို နောက်ထပ် အသက်ကယ်အင်္ကျီများ ထပ်ပေးရန် စီစဉ်နေချိန်တွင်  အသက်ကယ်အင်္ကျီတစ်ထည်မှ    မရှိသေးသည့်  အတွက် ရေနစ်မြုပ်သွားနိုင်သူများကို   ဒီအတိုင်း ချန်ထားရစ်သကဲ့သို့ ဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မျှတစွာ ထိုးနှံ ပေးနိုင်ရေးနှင့် ကာကွယ်ဆေးမထိုးရသောသူများအတွက် အခွင့် အလမ်း (Vaccine Equity) ပေးရေးတို့ကို ထင်ဟပ်လျက်ရှိသည်။   ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ယခုနှစ်ကုန်အထိ ဆိုင်းငံ့ ထားကြရန်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားသည်။

 


မိမိတို့နိုင်ငံတွင် ယခုနှစ် ဒီဇင်ဘာလကုန်တွင် အသက် ၁၈ နှစ် အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်စေ ရေးအတွက် ရည်မှန်းချက် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိ အခြေအနေတွင် တစ်နိုင်ငံလုံး၏ နေ့စဉ် ရောဂါပိုးကူးစက်မှု ရာခိုင် နှုန်းမှာ ၇ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်းဝန်းကျင်ခန့်ရှိနေပြီး အချို့သော တိုင်းဒေသကြီးနှင့်  ပြည်နယ်တို့တွင်     ရောဂါပိုးကူးစက်မှုနှုန်းမှာ လျော့ကျမှု နှေးကွေးနေ၊   တန့်နေသည့်  အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။

 

နိုင်ငံတကာစံနှုန်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ် ချက်တို့အရ    မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်   ရောဂါကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိစေရန်နှင့် လုံးဝကူးစက်မှု မရှိတော့ သည့်အထိ ကျဆင်းသွားရေးတို့ကို ကြိုးပမ်းလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အထူးအရေးပါသည့်အလျောက် ဦးစားပေးအုပ်စုများ သတ်မှတ်ကာ အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိသည်။ အောက်တို ဘာ ၁၂ ရက်နေ့အထိ  ကာကွယ်ဆေး  နှစ်ကြိမ်အပြည့် လွှမ်းခြုံမှု ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ၏ ၁၂ ရာခိုင်နှုန်း  ခန့် ရှိသည့်အတွက်  ကျန်သည့် နှစ်လကျော်ကာလအတွင်း ရာခိုင် နှုန်း ၅၀ ပြည့်မီအောင်  ဆက်လက်ကြိုးပမ်းကြရမည်ဖြစ်သည်။ 

 


ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့လူသားတို့အကြားတွင်  အချိန် ကြာမြင့်စွာ ဆက်ရှိနေဦးမည်ဟု  သုတေသီများက  ပြောကြားထား သည်။ ကပ်ရောဂါရှိနေသရွေ့ ကာကွယ်ဆေးထိုးနှံသွားရန်   လိုအပ် နေဦးမည်ဖြစ်ရာ ရေရှည်တွင် ကာကွယ်ဆေး စဉ်ဆက်မပြတ်ရရှိရေး၊ မိမိတို့နိုင်ငံတွင် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးတို့ကို   နိုင်ငံတော် အစိုးရက ကြိုးပမ်းလျက်ရှိသည်။ လက်ရှိအခြေအနေတွင် နိုင်ငံ့လူဦး ရေ၏ ရာခိုင်နှုန်းအများအပြားကို ကာကွယ်ဆေး  လွှမ်းခြုံထားနိုင်ရန် အရေးကြီးသည့်အလျောက်  ထပ်ဆောင်းထိုးနှံမှုများ   မပြုကြရန် အခြေအနေအရရော  ကျင့်ဝတ်အရပါ    လိုအပ်သည်။  မိမိတို့က ထပ်ဆောင်းထိုးနှံမှု တောင်းဆိုနေချိန်တွင်  ဆေးတစ်လုံးမှ မထိုးရ သေးသူများ မြောက်မြားစွာ ကျန်ရှိနေသေးသည်ကို သတိပြုငဲ့ညှာ ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။                ။