ရန်လိုမှုတို့ ချုပ်ငြိမ်းသည့်ကမ္ဘာမြေဆီ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

ယနေ့သည် ကမ္ဘာပေါ်တွင် ပထမဆုံး အဏုမြူဗုံးကြဲ တိုက်ခိုက် ခံခဲ့ရမှု (၇၅) နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးလုကာလ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို လည်းကောင်း၊ နောက်သုံးရက် အကြာ ဩဂုတ်လ ၉ ရက်နေ့တွင် နာဂါဆာကီမြို့ကို လည်းကောင်း အမေရိကန်လေတပ်က အဏုမြူဗုံးတစ်လုံးစီ ကြဲချတိုက်ခိုက်ခဲ့ခြင်း ကြောင့် လူပေါင်းနှစ်သိန်းကျော် ချက်ချင်းသေဆုံးခဲ့ပြီး မြို့များမှာ လည်း ပြာပုံဘဝရောက်ခဲ့ရသည်။ နောက်ဆက်တွဲ သေဆုံးမှုများမှာ လည်း နောက်ထပ်နှစ်နှင့်ချီ၍ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

အဏုမြူဗုံးကြဲချခံရပြီးနောက် ငါးရက်အကြာ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ဂျပန်နိုင်ငံက လက်နက်ချခဲ့ပြီး ဒုတိယ ကမ္ဘာစစ်လည်း အဆုံးသတ်သွားခဲ့သည်။ သို့ရာတွင် အဏုမြူဗုံးကြောင့် ဒုတိယကမ္ဘာစစ် လျင်လျင်မြန်မြန်ပြီးဆုံးသွားခဲ့ရသည်ဆိုသည့် အယူ အဆအပေါ်တွင်မူ သမိုင်းပညာရှင်တို့ အငြင်းပွားခဲ့ကြသလို စစ်ပြီး ကာလ ဂျပန်နိုင်ငံသည်လည်း စစ်ဝါဒနှင့် အဏုမြူလက်နက်ဆန့်ကျင် သည့် နိုင်ငံ၊ ငြိမ်းချမ်းရေးကို မြတ်နိုးသည့်နိုင်ငံဟူ၍ ဖြစ်လာခဲ့သည်။

လူ့သမိုင်းတစ်လျှောက်တွင် ယနေ့ကာလအထိ ကမ္ဘာစစ်ကြီး နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ပထမကမ္ဘာစစ်သည် ၁၉၁၄ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိ လေးနှစ်ကြာမြင့်ခဲ့ပြီး စစ်သည် ကိုးသန်းကျော် သေဆုံး ခဲ့သည်။ ဥရောပ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှာ စစ်မြေပြင်ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်မှာ ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ခြောက်နှစ်ကြာမြင့်ခဲ့ပြီး နှစ်ဖက်စစ်သည်ပေါင်း သန်း ၁၀၀ ကျော်တို့ ပါဝင်တိုက်ခိုက်ခဲ့ကြကာ အရပ်သားအများစုဖြစ်သည့် လူပေါင်း သန်း ၇၀ ခန့် သေဆုံးခဲ့ရသည်။ ဥရောပ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသ၊ တောင်နှင့်မြောက်အမေရိက၊ မြောက် အာဖရိကနှင့် အာဖရိကဦးချိုဒေသ၊ တရုတ်၊ ပစိဖိတ်၊ အတ္တလန္တိတ်၊ မြေထဲပင်လယ် စသည့် ကမ္ဘာအရပ်ရပ်နှင့် ပင်လယ်သမုဒ္ဒရာများ တွင်ပါ စစ်ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်တွင် မြန်မာနိုင်ငံ သည်လည်း စစ်မြေပြင်ဖြစ်ခဲ့ပြီး မိမိတို့နိုင်ငံအတိုင်းအတာအရ သေကျေမှုနှင့် ပျက်စီးဆုံးရှုံးမှုတို့ ကြီးမားခဲ့သည်။

စစ်ဟူသည် လက်နက်စွဲကိုင်၍ ရင်ဆိုင်တိုက်ခိုက်ကြသည့် ပဋိပက္ခဟူ၍ လူအများက နားလည်ထားကြသည်။ ကျူးကျော်စစ်၊ ခုခံစစ်၊ မတရားသောစစ်၊ တရားသောစစ်၊ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သောစစ်၊ ငြိမ်းချမ်းရေးအတွက် ဆင်နွှဲသောစစ် စသည် ဖြင့် စစ်ကို အမည်နာမအမျိုးမျိုး ကင်ပွန်းတပ်စေကာမူ စစ်ပွဲတိုင်း မှာ လူတို့ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာရခြင်းပင်ဖြစ်သည်။ လူသား တို့၏ သမိုင်းတစ်လျှောက်တွင် အကြောင်းအမျိုးမျိုးပြ၍ ပေါ်ပေါက် ခဲ့သော စစ်ပွဲပေါင်း အမြောက်အမြားရှိခဲ့ပြီး စစ်ဖြစ်ရခြင်းအကြောင်း ရင်းများအားလုံး၏ အဓိကအကြောင်းရင်းခံမှာ လူတို့၏ ရန်လိုတတ် သော ဗီဇကြောင့်ဖြစ်သည်ဟု ဆိုသည်။

ဗုဒ္ဓအယူဝါဒအားဖြင့်ဆိုလျှင် အလိုရမ္မက်ကြီးခြင်းဟူသော လောဘ၊ ခက်ထန်ကြမ်းတမ်း ဖျက်ဆီးခြင်းဟူသော ဒေါသ၊ အမှန် ကိုမသိဘဲ တွေဝေမိုက်မဲခြင်းဟူသော မောဟအစရှိသည့် ကိလေသာ အကုသိုလ်တရားတို့ကို အကြောင်းခံ၍ စစ်ပွဲများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ လူတို့ဖန်တီးမှုမှ ဖြစ်ပေါ်လာသောစစ်ကို လူတို့ကသာ ပြန်လည်ချုပ်ငြိမ်း ဖယ်ရှားကြရမှာဖြစ်သည်။ တစ်နည်းအားဖြင့် ရန်လိုတတ်သောဗီဇက အစပျိုး ရှို့ခဲ့သည့်စစ်မီးကို ငြိမ်းချမ်းအေးမြ မှုကိုလိုလားသော မြင့်မြတ်သည့် စိတ်နှလုံးဖြင့် ငြှိမ်းသတ်ကာ အေးချမ်းသာယာသည့်လောကကို တည်ထောင်ကြရမည် ဖြစ်ပါ ကြောင်း။ ။