ရက်ပေါင်း ၅၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကိစ္စအဝဝတို့ကို တာဝန်ယူဆောင်ရွက် ခဲ့သည်မှာ ရက်ပေါင်း ၅၀ ရှိလာပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများ ကြီးမားစွာကွာခြားမှုရှိခဲ့ ခြင်းအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းရန် ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှု မပြုခြင်းနှင့် ယင်းပြဿနာ အပေါ် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့က နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော်က တောင်းဆိုခဲ့သည်ကို ငြင်းပယ်ခဲ့ကြခြင်း၊ နောက်ဆုံး သမ္မတ ဦးစီးသည့် အရပ်ဘက်၊ စစ်ဘက်ကိုယ်စားပြု “အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” အစည်းအဝေးခေါ်ယူတွေ့ဆုံ ဆွေးနွေးရန် တပ်မတော်က လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ တစ်ဆင့်ပြီးမှတစ်ဆင့် ဆောင်ရွက်ခဲ့သည့်အပေါ်တွင်လည်း ငြင်းပယ် ခဲ့ခြင်းတို့က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခြင်းနှင့် ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ (က)အရ နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန် ပေးခြင်းဖြစ်စဉ်တို့ ပေါ်ပေါက်စေခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သော် လည်း ကောင်စီဝင်များတွင် စစ်ဘက်၊ အရပ်ဘက် မျှတစွာ ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ အရပ်ဘက်ကောင်စီဝင်များသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေးအမြင်ကိုယ်စီ ရှိကြသူ၊ နိုင်ငံရေးပါတီအသီးသီးမှ တိုင်းရင်းသားလူမျိုးစုံတို့ ဖြစ်ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်နေခြင်း၊ ပုဂ္ဂိုလ်တစ်ဦးတည်းက ဗဟိုပြုကာ ဦးစီးချုပ်ကိုင်ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ဝိုင်းဝန်း ဆွေးနွေး စုပေါင်းဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ရက်ပေါင်း ၅၀ ကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး ခုနစ်ကြိမ် ကျင်းပခဲ့ပြီး အစည်းအဝေးတိုင်းတွင် ရည်မှန်းချက်တာဝန် များ ချပြဆွေးနွေးခြင်း၊ နိုင်ငံတစ်ဝန်းလုံးအတွက်ရော ဒေသများ အလိုက်ပါ လိုအပ်ချက်အခြေအနေများကို အပြန်အလှန်ဆွေးနွေးပြီး အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ငါးပွက်ရာ ငါးစာချ၊ မြေစမ်း ခရမ်းပျိုးဆိုသကဲ့သို့ စမ်းတဝါးဝါး ဆောင်ရွက်နေခြင်းမျိုးမဟုတ်ဘဲ နိုင်ငံ၏ပကတိ လိုအပ်ချက်များအပေါ်မူတည်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး) ဦးတည်ချက် (၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တို့ကို ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။ အရေးပေါ်ကာလအစိုးရတစ်ရပ်ဖြစ် သည့်အားလျော်စွာ ရေတိုလုပ်ငန်းစဉ်များကို ရည်မှန်းချက်အတိုင်း ပြီးစီးအောင် ဆောင်ရွက်ကြရမှာဖြစ်ပြီး ရေရှည်လုပ်ငန်းစဉ်များကိုမူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ ပြည်သူတို့က ရွေးချယ် တင်မြှောက်ပေးလိုက်သူများနှင့် ဖွဲ့စည်းဖြစ်ပေါ်လာမည့် အစိုးရထံ ပခုံးပြောင်းတာဝန်လွှဲအပ်သွားရမှာဖြစ်သည်။ နိုင်ငံအစိုးရများဟူသည် ကာလတစ်ရပ်ကိုသာ တာဝန်ယူကြရ ခြင်းဖြစ်ပြီး အချိန်တန်လျှင် ပခုံးပြောင်းတာဝန်လွှဲကြရစမြဲဖြစ်သည်။ မိမိတို့ တာဝန်ယူထားစဉ်ကာလတွင် မိမိတို့၏ အတွေးအခေါ် လုပ်နည်းလုပ်ဟန်များဖြင့် နိုင်ငံနှင့်လူမျိုး တိုးတက်အောင် ဆောင်ရွက် ကြရပြီး အစိုးရတစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပခုံးပြောင်းပေးသွားကြမှသာ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မှာဖြစ်သည်။ အစိုးရ တစ်ရပ်နှင့်တစ်ရပ် အတွေးအခေါ် အယူအဆတို့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေလျှင်ပင် နှောင့်ယှက်ဖျက်ဆီးမှုတို့ မပြုသင့်။ မင်းသားမလုပ်ရ၍ ပတ်မထိုးဖောက်သည်မှာ နိုင်ငံရေးအရ သီလပျက် ခြင်းဖြစ်ပြီး နိုင်ငံနှင့်လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက် ပြုခြင်း၊ နှောင့်နှေးစေခြင်းသာဖြစ်ပါကြောင်း။ ။