ပြည်တွင်းရှိ ဒေသအများအပြားတို့တွင် မိုးသည်းထန်စွာ ရွာသွန်း ခြင်းကြောင့် မြစ်၊ ချောင်းများ ရေမျက်နှာပြင် မြင့်တက်ပြီး မြစ်ကမ်း၊ ချောင်းကမ်းအနီးဒေသများ၊ အနိမ့်ပိုင်းဒေသများ ရေဝင်ရောက်မှုတို့ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရသည်။ သဘာဝဘေးအန္တရာယ်များအနက် ရေကြီးရေလျှံ ခြင်းကဲ့သို့သော ဘေးအန္တရာယ်မျိုးမှာ ကြိုတင်ခန့်မှန်းသိရှိ နိုင်ပြီး သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ပေးလျက်ရှိရာ အန္တရာယ်မကင်းနိုင်သည့် ဒေသများတွင် နေထိုင်သူများမှာ မျက်ခြည်မပြတ် သတိပြုနေကြရန်လိုသည်။
ထို့အပြင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများ၊ ကျန်းမာ ရေးဆိုင်ရာ သတိပေးနှိုးဆော်ချက်များကို ဂရုပြုလိုက်နာကြရန်၊ ဘေးအန္တရာယ်မကျရောက်မီကပင် အရေးပေါ်ဆေးသေတ္တာ၊ အစားအစာ၊ သောက်ရေနှင့် အခြားလိုအပ်သည်များကို ကြိုတင် စုဆောင်းပြင်ဆင်ထားရန်၊ သန့်ရှင်းသော သောက်သုံးရေနှင့် အစားအစာများကိုသာ စားသုံးပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုပြုဆောင်ရွက်ရန်၊ ဘေးအန္တရာယ် ကျရောက်ရာဒေသများ၌ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာ ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းကူညီရန်လိုသည်။ ရေကြီးရေလျှံခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ် ကျရောက် ချိန်တွင် ယာယီကယ်ဆယ်ရေးစခန်းများ၌ လူအများ ခိုလှုံနေရ သည့် အခြေအနေများ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်း ရောဂါ၊ အစာအဆိပ်သင့်ရောဂါ၊ တီဘီရောဂါ၊ အသက်ရှူ လမ်းကြောင်း ကူးစက်ရောဂါများ၊ ဝက်သက်ရောဂါ၊ အရေပြား ယားနာများ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး စသည့်ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ပိုမိုကူးစက်ဖြစ်ပွားနိုင်ခြင်းနှင့် ကပ်အသွင် ဖြစ်ပွားနိုင်ခြင်းတို့ကို ဂရုပြုကြရမည်ဖြစ်သည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းရောဂါဖြစ်ပွား စေသော ကာလဝမ်းရောဂါပိုး (Vibrio Cholerae) ကဲ့သို့သော ရောဂါပိုးများပါရှိနေသည့် မသန့်သောရေနှင့် အစားအစာများကို စားသောက်မိရာမှ ကူးစက်ဖြစ်ပွားခြင်းဖြစ်သည်။ ကာလဝမ်း ရောဂါပိုးသည် ရောဂါဖြစ်သူက စွန့်ပစ်လိုက်သည့် မစင်တွင် ပါဝင်ပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်သည့် အခြေအနေ၊ ကယ်ဆယ် ရေးစခန်း၌ လူအများစုဝေးနေထိုင်ရသည့် အခြေအနေများမှာ သန့်ရှင်းမှုကို လူတိုင်းက အထူးဂရုပြုကျင့်သုံးနိုင်ခြင်းမရှိပါက ရောဂါကူးစက်ပျံ့နှံ့ ဖြစ်ပွားနိုင်သည်။ အရည်ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားများ လျင်မြန်စွာဆုံးရှုံး၍ အားအင်ကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စသည်တို့ဖြစ်ပွားပြီး ရောဂါပြင်းထန်ခြင်းနှင့် အချိန်မီဆေးကုသမှု ခံယူခြင်းမရှိပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။
လတ်တလောဖြစ်ပေါ်နေသည့် မိုးလေဝသနှင့် ဇလဗေဒ ဆိုင်ရာ ဖြစ်စဉ်များအရ မြစ်နား၊ ချောင်းနားနှင့် မြေနိမ့်ဒေသ များမှာ ရေကြီးရေလျှံမှုကို ဂရုပြုနေထိုင်ကြရဦးမည်ဖြစ်သည်။ သို့ဖြစ်ရာ မိုးလေဝသသတင်းများ၊ သဘာဝဘေးအန္တရာယ် သတိပေးချက်များနှင့် ကျန်းမာရေးဆိုင်ရာ သတိပေးနှိုးဆော် ချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြသည်နှင့်အမျှ မိမိတို့အပေါ် ကျရောက်လာမည့် ဘေးအန္တရာယ်တို့ကို ရှောင်ရှား နိုင်ကြမည်ဖြစ်သည်။ ကြိုတင်ခန့်မှန်းသိရှိနိုင်သည့် သဘာဝ ဘေးအန္တရာယ်များမှာ ကြိုတင်ပြင်ဆင်မှုများ ကောင်းစွာပြုလုပ် ၍ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်သည်။ အစားအစာ၊ သောက်သုံးရေနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးတို့ကို ဂရုပြုခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ခြင်၊ ယင်၊ မြွေဆိုး အန္တရာယ်တို့ကို အလေးထား ရှင်းလင်းဆောင်ရွက်ခြင်း၊ ရာသီ ဥတုနှင့် ကိုက်ညီသင့်လျော်ပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် ဝတ်စားနေထိုင်ခြင်း၊ လျှပ်စစ်ဓာတ်လိုက်မှု၊ ထိခိုက်မှုနှင့် အခြား ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်မှုတို့ကို ဂရုပြု ရှောင်ရှားခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်သော ရေကြီး ရေလျှံမှုနှင့်ဆက်နွှယ်၍ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်အပေါင်းမှ ကင်းဝေးနိုင်ကြပါစေကြောင်း။ ။
Remark Type