ရေကြီးရေလျှံ သဘာဝအန္တရာယ် ကြိုတင်ပြင်ဆင် သတိပြုကာကွယ်

mmal 22-6-2026

 

နှစ်စဉ် မိုးရာသီကျရောက်သည့် ဇွန်လမှ အောက်တိုဘာလအတွင်း မိမိတို့နိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ယင်းကဲ့သို့ကာလမျိုးတွင် ပုံမှန်ရေကြီးရေလျှံခြင်းသာမက မိုးသည်းထန်စွာ ရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်နိုင်သည့် လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သည်ကိုလည်း သတိပြုကြရန်လိုသည်။

တစ်ဖန် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ၊ တောင်ပေါ်ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပါက မကြာမီ အဆိုပါရေများကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးတို့တွင် လျှပ်တစ်ပြက် ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း သတိထားကြရမည်ဖြစ်သည်။ ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်တွင် နောက်ဆက်တွဲအန္တရာယ်များအဖြစ် မြေပြိုမှု၊ နေအိမ်ပြိုကျမှု၊ ဓာတ်လိုက်မှု၊ ထိခိုက်ရှနာမှု၊ မြွေ၊ ကင်းအစရှိသည့် အဆိပ်ရှိသတ္တဝါ များအန္တရာယ်တို့အပြင် ဝမ်းပျက်ဝမ်းလျှော၊ အူရောင်ငန်းဖျားစသည့် ကျန်းမာရေးပြဿနာများလည်း ဖြစ်ပွားတတ်သည်။

ယခုကာလသည် ရေကြီးရေလျှံမှုဖြစ်ပေါ်သည့် ရာသီကာလသို့ ရောက်ရှိနေပြီဖြစ်ရာ မိမိနေထိုင်ရာအရပ်၏ မြစ်ချောင်းများနှင့် မြေမျက်နှာသွင်ပြင်အနေအထားတို့အရ ရေကြီးရေလျှံအန္တရာယ်နှင့် မြေပြိုမှုအန္တရာယ်တို့ကို သတိပြုကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်သည်။ ရေဘေးအန္တရာယ် တွေ့ကြုံနိုင်ဖွယ် နေရာဒေသများတွင် နေထိုင်သူများအနေဖြင့် ရေဘေးမကျရောက်မီ မိမိအိမ်အနီးဝန်းကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် မိမိအိမ်၏ ကြံ့ခိုင်မှုကို စစ်ဆေးရန်လိုသည်။ ယင်းနောက် မိသားစုများ အရေးပေါ်ပြောင်းရွှေ့နိုင်ရန် ကုန်းမြေမြင့်၊ ရေလွတ်နိုင်သည့်နေရာများ၊ အဆောက်အအုံများစသည်တို့နှင့် သွားရောက်ရန်လမ်းကြောင်းများ၊ မိသားစုဆုံရပ်စသည်တို့ကို ကြိုတင်လေ့လာသတ်မှတ်ထားကြရမည်လည်းဖြစ်သည်။ ရေစိုပျက်စီးနိုင်သည့် ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာ၌ ထားရှိခြင်း၊ မိမိပတ်ဝန်းကျင်ရှိ မြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးမှုအမြင့်ပေများကို မှတ်သားထားခြင်း၊ သောက်သုံး ရေများ ကြိုတင်စုဆောင်းထားခြင်း၊ မြေနိမ့်နေရာ၊ တွင်း၊ ချိုင့်၊ ချောက်၊ ရေမြောင်းစသည်ဖြင့် ရေလွှမ်းမိုးလာပါက အန္တရာယ်ဖြစ်နိုင်သည့်နေရာများကို မြင်သာသော အမှတ်အသားထားရှိခြင်း၊ အရေးပေါ်သုံးပစ္စည်းများနှင့် အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ခြင်းတို့ကိုလည်း ဆောင်ရွက်ထားကြရန်လိုသည်။

ရေကြီးခြင်း သတိပေးချက်များ ထွက်ပေါ်လာပါက အစိုးရကထုတ်ပြန်သည့် မိုးလေ၀သသတင်းများကို စဉ်ဆက်မပြတ်နားထောင်၍ အကြံပြုချက်များကို လိုက်နာရန်နှင့် အခြားသူများကိုလည်း မျှဝေရန်လိုသည်။ တောင်ပေါ်ဒေသများ၊ မြစ်ဖျား ချောင်းဖျားတို့တွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက် လျှပ်တစ်ပြက်ရေကြီးနိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။ ထို့အပြင် အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်အတူ ထားရှိရမည်ဖြစ်သည်။ မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူစသည်တို့ကို ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင်ထားကြရန်လိုအပ်သည်။ သက်ဆိုင်ရာဌာနများက ရွှေ့ပြောင်းရန် ညွှန်ကြားပါက ရွေးချယ်ထားသည့် ဘေးလွတ်ရန်နေရာသို့ ပြောင်းရွှေ့ခိုလှုံကြရမည်ဖြစ်သည်။

ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် အစိုးရမိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာရန်၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မိန်းခလုတ်များကို ပိတ်ထားရန်၊ ရေသန့် သို့မဟုတ် ကျိုချက်ထားသောရေ သို့မဟုတ် ရေသန့်ဆေးခတ်ထားသော ရေကိုသာ သောက်သုံးရန်၊ အဆိပ်ရှိသတ္တဝါများ အိမ်၊ ခြံအတွင်း ရှိ မရှိ စစ်ဆေးရန်တို့ကို ဆောင်ရွက်ကြဖို့လိုသည်။ ရေကြီးချိန်တွင် မြစ်၊ ချောင်းကမ်းပါးများသို့ သွားခြင်း၊ ရေထဲဆင်းခြင်း၊ ရေကူးခြင်း၊ ရေစိုနေသည့် လျှပ်စစ်ပစ္စည်းများကို အသုံးပြုခြင်းတို့ကိုမူ ရှောင်ရှားကြရမည်ဖြစ်သည်။

ရေကြီးမှုဖြစ်ပေါ်ပြီးနောက်တွင် နောက်ဆက်တွဲဘေးအန္တရာယ်များနှင့် ရောဂါများကို ဂရုပြုရန်၊ အမှိုက်များကို ရှင်းလင်းရန်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် ပူးပေါင်းကူညီရန် လိုအပ်ပြီး မသန့်ရှင်းသည့် ရေအရင်းအမြစ်များကို မသုံးစွဲရန်နှင့် ရေစိုပြီး အနံ့မကောင်းသော အစားအစာများကို မစားရန် ရှောင်ကြဉ်ကြရမည်ဖြစ်သည်။

ရေကြီးရေလျှံမှုများတွင် လူသေဆုံးမှုများဖြစ်ရခြင်းသည် ရေတက်လာချိန်တွင် ရှောင်တိမ်းရန်အချိန်မရတော့ဘဲ အိမ်ပြိုခြင်း၊ ရေထဲမျောပါခြင်း စသည်တို့ကြောင့် ရေနစ်သေဆုံးကြရခြင်းဖြစ်ရာ မြစ်နား၊ ချောင်းနား၊ မြေနိမ့်ပိုင်းများတွင် နေထိုင်ခြင်း၊ နေအိမ်ခိုင်ခံ့မှု အားနည်းခြင်းတို့ဖြစ်နေပါက အချိန်မီ ကြိုတင်ရှောင်တိမ်းနိုင်ကြရန်လိုသည်။ နေ့စဉ် အချိန်မှန် မိုး/ဇလမှ ထုတ်ပြန်နေသည့် မိုးလေဝသသတင်းများ၊ မြစ်ရေအခြေအနေသတိပေးချက်များ၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်သည့် သတိပေးချက်များကို မှတ်သားလိုက်နာကြခြင်းဖြင့် သဘာဝဘေးများမှ ကင်းဝေးကြပါစေကြောင်း။ ။