ရောဂါကာကွယ်ရေးနှိုးဆော်ချက်များ တိတိကျကျလိုက်နာနေထိုင်ကြဖို့လို

 

 

 

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုလူနာအရေအတွက် ရုတ်တရက် များပြားလာသည်။ အတည်ပြုလူနာများမှာ ပြည်တွင်းကူးစက်မှုများဖြစ်နေခြင်းကလည်း စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။

 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စောစောပိုင်းကတည်းကပင် ပြည်တွင်း၌တွေ့ရှိရသည့် အတည်ပြု လူနာ ၆၀ ရာခိုင်နှုန်းကျော်ကျော်တွင် မည်သည့်ရောဂါလက္ခဏာမှ ပြသခြင်းမရှိဘဲ လူကောင်းပကတိအတိုင်း တွေ့မြင်ရခြင်းကြောင့် ကူးစက်လူနာများ ရုတ်တရက်အမြောက်အမြား ပေါ်လာနိုင် ကြောင်း သတိပေးထားခဲ့ရာ ယခု၎င်းအခြေအနေသို့ ရောက်ရှိ နေပြီလားဟု ယူဆစရာဖြစ်သည်။

 

 

ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှု အများအပြားတွေ့ရှိ လာခြင်းကြောင့် ရောဂါထိန်းချုပ်ရေး အစီအမံများကို ကြပ်ကြပ်မတ်မတ် ပြန်လုပ်ရန် ပြည်သူတစ်ယောက်ချင်းစီ ကလည်း မိမိကိုယ်ကိုယ် ကာကွယ်ရေးနှင့် မိမိပတ်ဝန်းကျင် အသိုက်အဝန်းကို ကာကွယ်နိုင်ရေးအတွက် မိမိကိုယ်ကိုယ် တာဝန်ယူရန် လိုအပ်လာသည်။ လက်တွေ့အားဖြင့် တွေ့မြင် နေရသည့် အများစုမှာမူ ကူးစက်ရောဂါနှင့် အတူယှဉ်တွဲနေထိုင်မှု နေသားကျလာသည့်သဘော သို့မဟုတ် အလေးအနက် မပြုတော့သည့်သဘောနေထိုင်သွားလာနေကြခြင်းပင် ဖြစ် သည်။ မိမိတို့နိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာအရေအတွက် ရာဂဏန်းအနည်းငယ်နှင့် ရောဂါကြောင့် သေဆုံးသူ ခြောက်ဦး မျှသော ကိန်းဂဏန်းတို့ကိုကြည့်ကာ ကိုဗစ်-၁၉ ရောဂါအပေါ် ပေါ့ပေါ့ဆဆနှင့် လျှော့မတွက်မိကြရန်လည်း နှိုးဆော်လိုသည်။ မိမိတို့နိုင်ငံထက် ဓနအင်အား ကြီးမားတောင့်တင်းပြီး နည်းပညာ မြင့်မားသည့် ကမ္ဘာ့နိုင်ငံကြီးအချို့တို့တွင် ကိုဗစ်-၁၉ ရောဂါ အသက်ဆုံးရှုံးမှုများ ရှိနေသည်ကို သတိပြုကြဖို့၊ သင်ခန်းစာ ယူနိုင်ကြဖို့လိုသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီး ကာကွယ်ရေးအတွက် လူတိုင်းလူတိုင်း လိုက်နာကျင့်သုံးကြရမည့် အချက်များကို လျစ်လျူရှုပြီး ကိုယ့်လွတ်လပ်ခွင့်နှင့်ကိုယ် နေချင်သလိုနေခဲ့ကြရာမှ ယင်းအခြေအနေသို့ ဆိုက်ရောက်ခဲ့ကြ ရခြင်းဖြစ်သည်။

 

 

ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်မှုနှုန်း မြန်ဆန်ခြင်းနှင့် အရေအတွက်များပြားလာခြင်း အခြေအနေသစ်ကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်ရေးဆိုင်ရာ နှိုးဆော်ချက်များကို တာဝန်ရှိသူတို့က ပြန်လည်ဆော်ဩ တိုက်တွန်းမှုများ ပြုလုပ် လာကြသလို စေတနာ့ဝန်ထမ်း လူမှုအဖွဲ့အစည်းများကလည်း ကိုဗစ်-၁၉ ကာကွယ်ရေးတွင် ပူးပေါင်းပါဝင်မှုများ ပြန်လည် စတင်လာကြသည်ကိုလည်း တွေ့လာရသည်။ တစ်ဖန် ကိုဗစ်-၁၉ ကူးစက်မှု အစပိုင်းကကဲ့သို့ပင် ပါးစပ်၊ နှာခေါင်းစည်း ဈေးကစားမှုများကို ဝိသမလောဘသား မသမာသူအချို့က ပြုလုပ်လာကြသည်ကိုလည်း ကြားသိရသည့်အတွက် ဝိုင်းဝန်း ဖော်ထုတ်အရေးယူမှု ပြုလုပ်နိုင်သည်နှင့်အမျှ မသမာမှုများ လျော့ပါးသွားမည်ဟု ယုံကြည်မိသည်။

 

 

မည်သို့သော အခြေအနေသို့ ရောက်စေကာမူ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ရှောင်ရှားနိုင်ရေးအတွက် လူစုလူဝေးကို ရှောင်ရှားရန်၊ ပြင်ပသို့ မဖြစ်မနေသွားရမည်ဆိုပါက ပါးစပ်၊ နှာခေါင်းစည်းကို မပျက်မကွက် တပ်ဆင်ကြရန်၊ လက်နှစ်ဖက် ကို ဆပ်ပြာ၊ရေတို့ဖြင့် စနစ်တကျဆေးကြောမှု မကြာမကြာ ပြုလုပ်ရန်၊ တစ်ယောက်နှင့်တစ်ယောက်အနည်းဆုံး ခြောက်ပေ အကွာတွင် နေကြရန်၊ တတ်နိုင်သမျှ အိမ်ထဲမှာသာ နေကြရန်ပင်ဖြစ်ပါကြောင်း။ ။