ရဲရဲရင့်ရင့်တက်လှမ်း နိုင်ငံရေးခရီးလမ်း

Type
၁

နိုင်ငံတကာသုံးသပ်ချက်

=============

 

ရဲရဲရင့်ရင့်တက်လှမ်း နိုင်ငံရေးခရီးလမ်း

=======================

 

ကိုရင်ဩ

=====

 

စက်တင်ဘာ ၁၆ ရက်တွင် အောက်လွှတ်တော် မဲပေးပွဲ၌ လည်းကောင်း၊ အထက်လွှတ်တော် မဲပေးပွဲ၌ လည်းကောင်း ထောက်ခံမဲအများစုကို ရရှိကာ ဂျပန်နိုင်ငံ ၏ ၉၉ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ယော်ရှိဟီဒဲ ဆူဂါရွေးချယ်တင်မြှောက်ခံခဲ့ရသည်ဆိုသော သတင်းတစ်ပုဒ် ကို ကြားသိရသောအခါ ဆူဂါ၏ ပုံရိပ်လွှာကို ငဲ့စောင်း ကြည့်ကာ စေ့ငုလေ့လာမိလေ၏။

ဆူဂါ၏ ရည်မှန်းချက်မှာ ပြည်သူ့အကျိုးအတွက် မနားမနေ ကြိုးပမ်းဆောင်ရွက်သော အစိုးရအဖွဲ့ ပေါ်ထွန်းလာရေးဖြစ်သည်။ အစိုးရအဖွဲ့အတွင်း ဂိုဏ်းဂဏစွဲကင်းရေး၊ အစိုးရယန္တရားလည်ပတ်မှုကို အုပ်စုတစ်စုတည်းက ထိန်းချုပ်ဆောင်ရွက်မှု မရှိစေရေး တို့အတွက် ဥပဒေစည်းမျဉ်းများနှင့်အညီ ပြုပြင် ပြောင်းလဲရေးအစီအစဉ်များကို ချမှတ်လုပ်ဆောင်သွား မည်ဟု ဆူဂါက သူ၏ ရည်မှန်းချက်နှင့်ပတ်သက်၍ ဂဃနဏ ရှင်းပြခဲ့သည်။

ဆူဂါ၏ ဝန်ကြီးအဖွဲ့သစ်တွင် ပါဝင်သူဦးရေ လေးပုံ သုံးပုံမှာ ပျမ်းမျှအသက် ၆၀ ရှိသူများ ဖြစ်ကြပြီး ယခင် အစိုးရအဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ကြသည်။ သို့ဖြစ်ရကား ဝန်ကြီးချုပ်သစ် ဆူဂါသည် ယခင်ဝန်ကြီးချုပ် အာဘေး၏ မူဝါဒအများစုကို ဆက်လက်ကျင့်သုံးမည်ဟု အများက ရှုမြင်ကြပေသည်။

ဆည်းပူးလေ့လာ

စက်တင်ဘာလ ၁၆ရက်မှစ၍ ဝန်ကြီးချုပ်တာဝန် ကို စတင်ထမ်းရွက်သူ ဆူဂါနှင့် ပတ်သက်နေသော ဘဝထုပ္ပတ်ကို ကျွန်ုပ်စေ့ငုကြည့်လေသော်-

ဂျပန်နိုင်ငံ အာကိတပြည်နယ်၏ ကျေးလက်ဒေသ ၌ စတော်ဘယ်ရီစိုက်ပျိုးသော ဥယျာဉ်ခြံသမား မိဘ နှစ်ပါးမှ ပေါက်ဖွားခဲ့သူ ဆူဂါသည် အထက်တန်းအဆင့် ပညာရေးကုန်ဆုံးလွန်မြောက်သော် မြို့တော်တိုကျိုသို့ တက်၍ ''ဟိုဆေးတက္ကသိုလ်'' တွင် တက္ကသီလာ ကျောင်းတော်သားတစ်ဦးအဖြစ် ရပ်တည်ရင်း ဥပဒေ ပညာရပ်ကို အပတ်တကုတ် ဆည်းပူးလေ့လာခဲ့၏။

ဘွဲ့ရရှိပြီးသော် ၁၉၇၅ ခုနှစ်မှစ၍ ဟီကိုဆာဘူရို အမည်ရှိ အမတ်မင်းတစ်ဦး၏ လက်ထောက်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။

နိုင်ငံရေးလောကအတွင်းသို့ ခြေစုံပစ်ကာ ဝင်ရောက်မှုကိုဖြစ်စေသော အကြောင်းတရားအဖြစ် ဆူဂါအား သမိုင်းမှတ်တိုင်တစ်ရပ် စိုက်ထူနိုင်စေသည်မှာ ကား သူသည် ၁၉၈၇ ခုနှစ်တွင် ယိုကိုဟားမား အောက် လွှတ်တော်တွင် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်၏။

ယိုကိုဟားမားဟူသည်မှာကား မြို့တော်တိုကျို တောင်ဘက် တိုကျိုပင်လယ်အော်ကို မေးတင်နေသော မြို့ကြီးတစ်မြို့ဖြစ်ပြီးလျှင် ဟွန်ရှူးကျွန်းမကြီး၏ လူဦးရေ အသိပ်သည်းဆုံး မြို့ကြီးတစ်မြို့၊ မဟာတိုကျို မြို့ပြ နယ်မြေ၏ ကူးသန်းရောင်းဝယ်ရေး အချက်အချာပြု ရာ မြို့ကြီးတစ်မြို့ဖြစ်သည်။

ဆူဂါသည် တစ်ဆင့်ထက်တစ်ဆင့် ရင့်သည်ထက် ရင့်၊ မြင့်သည်ထက်မြင့်လာသည့် ပြယုဂ်တစ်ခုအဖြစ် ၁၉၉၆ ခုနှစ် ရွေးကောက်ပွဲတွင် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ၏ ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့ရာ ကာနာဂါဝါ အမှတ်-၂ မဲဆန္ဒနယ်၏ အောက်လွှတ်တော်အမတ်တစ်ဦးအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရလေသည်။

ဆူဂါသည် ''ဒိုင်းယက်" (ဝါ)လွှတ်တော်၌ အမတ် တစ်ဦးအဖြစ် ကျင်လည်နေစဉ် ရှင်ဇိုအာဘေး၏ မဟာမိတ်အဖြစ် ခိုင်ခိုင်မြဲမြဲ လက်တွဲခဲ့သည်။ အာဘေး သည် ၂၀၀၆ ခုနှစ်တွင် ပထမအကြိမ် ဝန်ကြီးချုပ် ဖြစ်လာသောအခါ ဆူဂါကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

အာဘေးသည် ၂၀၁၂ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် တစ်ကျော့ပြန် အာဏာပြန်လည်ရရှိလာခဲ့ပြီး အာဘေး၏ ဒုတိယမြောက် ဝန်ကြီးချုပ်သက်တမ်း ကာလပတ်လုံး ဆူဂါက ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ်အဖြစ် တာဝန် ထမ်းဆောင်ခွင့် ရရှိခဲ့သည်။

အတွင်းဝန်ချုပ်ရာထူး

ဆူဂါသည် ဂျပန်နိုင်ငံသမိုင်းတွင် ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ်ရာထူးကို ကာလသက်တမ်း အရှည်ကြာ ဆုံး ထမ်းဆောင်နိုင်သူဖြစ်လာသည်။

အာဘေးသည် ကျန်းမာရေးအကြောင်းတရားအရ အနားယူနိုင်ရန် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးမည်ဟု သြဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အာဏာရ အယ်လ်ဒီပီပါတီ၏ခေါင်းဆောင် ရွေးချယ်တင် မြှောက်ပွဲ ဖြစ်ပေါ်လာခဲ့သည်။

အယ်လ်ဒီပီပါတီ၏ ခေါင်းဆောင်နေရာ ရွေးချယ်ပွဲကို စက်တင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့ရာတွင် ဆူဂါက ထောက်ခံ မဲ ၇၀ ရာခိုင်နှုန်းရရှိကာ ပြိုင်ဘက် အယ်လ်ဒီပီ အတွင်းရေး မှူးချုပ်ဟောင်း အီရှိကား ရှီဂါရူးနှင့် ပါတီ၏ မူဝါဒအကြီး အကဲ ကိရှိဒဖူမိယိုတို့အပေါ် အနိုင်ရရှိခဲ့သည်။

အယ်လ်ဒီပီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်ထားနိုင်သဖြင့် စက်တင်ဘာ ၁၆ ရက်တွင် အောက်လွှတ်တော် မဲပေးပွဲ၌ လည်းကောင်း၊ အထက်လွှတ်တော် မဲပေးပွဲ၌လည်းကောင်း ဆူဂါက ထောက်ခံမဲအများစုကို ရရှိကာ ဂျပန်နိုင်ငံ၏ ၉၉ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရ သည်။

ယခုအချိန်တွင်မူ ဝန်ကြီးချုပ်သစ် ဆူဂါအား ပြည်တွင်း ရေးရာနှင့် နိုင်ငံခြားရေးမူဝါဒတို့အရ စိန်ခေါ်မှုအပေါင်းက ကမ်းလင့်ဆီးကြိုလျက်ရှိ၏။

ပြည်တွင်းရေးရာအရ မဦးမချွတ်တွေ့ကြုံရမည်မှာ ကား ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ၏ စိန်ခေါ်မှု ဖြစ်ပေလိမ့်မည်။

ဂျပန်နိုင်ငံသည် လက်ရှိဘဏ္ဍာရေးနှစ်၏ ဒုတိယ သုံးလပတ်ကာလတွင် စံချိန်တင်အမှတ်အထိ စီးပွားရေး ကျုံ့မှုနှင့်တွေ့ကြုံခဲ့ရ၏။ ကပ်ရောဂါဆိုးကြောင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်ခဲ့ရပြီး စားသုံးသူတို့၏ သုံးစွဲမှုကျဆင်း ခဲ့ရ၏။ နိုင်ငံနှင့်ချီ၍ စီးပွားရေးကျဆင်းမှုနှုန်း ပိုမိုဆိုးရွားလာ ခြင်း မရှိစေရေးအတွက် မူဝါဒရေးဆွဲသူများအပေါ် ဖိအား ပေးမှု ပြင်းထန်လာ၏။

ဂျပန်နိုင်ငံ၌ မေလနှောင်းပိုင်းမှစ၍ ကျန်းမာရေး ခြေချုပ်ချထားမှုများကို ပြန်လည်ဖြေလျှော့ပေးခဲ့သည့်တိုင် အောင် စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူလာစေ ရန် အင်တိုက်အားတိုက် ကြိုးပမ်းနေကြရဆဲဖြစ်သည်။

ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး(ဂျီဒီပီ)သည် ဧပြီ-ဇွန် သုံးလပတ်ကာလတွင် ၂၇ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရာ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်း စံချိန်တင် စီးပွားရေးဆုတ်ယုတ်မှုဖြစ်ကြောင်း စီးပွားရေးပညာရှင်တို့က သုံးသပ်ခဲ့ကြ၏။

သက်သေညွှန်း

သုံးလပတ်ကာလဆက်တိုက် စီးပွားရေးကျုံ့မှုကို တွေ့မြင်ခဲ့ကြရပြီး ပို့ကုန်တင်ပို့မှု ကျဆင်းခြင်း၊ စားသုံးမှုနှုန်း လျော့ကျလာခြင်းတို့က စီးပွားရေးတုံ့နှေးမှုကို သိကြားစေ သက်သေညွှန်းသည်။

ဇူလိုင်-စက်တင်ဘာ သုံးလပတ်ကာလတွင် စီးပွား ရေးတိုးတက်မှုနှုန်း ပြန်တက်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်း ရသော်လည်း သိသာစွာ တိုးတက်မှု မဟုတ်နိုင်သေးကြောင်း၊ တရုတ်နိုင်ငံမှတစ်ပါး ကမ္ဘာနှင့်ချီ၍ စီးပွားရေး ဦးမော့မှု သိသိသာသာအခြေအနေကို မပြသကြောင်း စီးပွားရေး ပညာရှင် အာကဲရှီမီနာမီက သုံးသပ်သည်။

ဂျပန်စီးပွားရေးကို ပြန်လည်နှိုးဆွပေးနိုင်မည့် ဘဏ္ဍာ ရေးနှင့် ငွေကြေးဆိုင်ရာ လှုံ့ဆော်ပေးရေး အစီအမံများကို အစိုးရအဖွဲ့က ချမှတ်လုပ်ဆောင်ကာ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်ရခြင်းမှ သက်သာရာသက်သာကြောင်း ဖြစ်စေရန် ကြိုးပမ်းလျက်ရှိ၏။ သို့ရာတွင် လွန်ခဲ့သည့်နှစ်က အရောင်းခွန်များ မြှင့်တင်ခြင်းနှင့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားခြင်းတို့၏ အကျိုးသက်ရောက် မှုများက ဆက်လက်ဖြစ်ပေါ်နေဆဲပင်။

ကာလတိုအားဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ယင်းကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရ သော စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် ဆူဂါ၏ အစိုးရအဖွဲ့သစ် ကြိုးပမ်းမည်ကား သေချာလှသည်။

ပြည်တွင်းရေးရာအရ အခြားစိန်ခေါ်မှုတစ်ရပ်မှာ ကာလရှည်ဖြေရှင်းရမည့် ပြဿနာတစ်ရပ်ဖြစ်ပြီး ယင်းမှာ မွေးဖွားနှုန်းကျဆင်းခြင်းနှင့်အတူ ဒွန်တွဲဖြစ်ပေါ်နေသော အိုမင်းသူဦးရေ များပြားလာခြင်းနှင့် အလုပ်လုပ်ကိုင်နိုင်သူ ဦးရေ လျော့နည်းလာခြင်းတို့ဖြစ်သည်။

ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သူ အာဘေး၏ ခြေရာ ကို ဆက်လက်နင်းကာ စစ်ပြီးခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ၏ ထိန်းချုပ်ကန့်သတ်မှုများကို ဖြေလျှော့နိုင်ရန် ဆူဂါအား စိန်ခေါ်မှုတစ်ရပ် ရှိနေသေးသည်။

ဂျပန်နိုင်ငံ၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်အင်အား တိုးချဲ့တည်ဆောက်မှုကို ခွင့်ပြုပေးခြင်း မရှိသော်လည်း နိုင်ငံတော် ''ကာကွယ်ရေး'' အလို့ငှာ စစ်အင်အား တည်ဆောက်ခွင့်ရရှိရေး၊ စစ်မဟာမိတ် အဝန်းအဝိုင်းအတွင်းမှ စုပေါင်းခုခံကာကွယ်ပိုင်ခွင့် ရရှိရေး တို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ချက်များ ထည့်သွင်းနိုင်ရန် အာဘေးက တစိုက်မတ်မတ် ကြိုးပမ်းခဲ့ သည့်အတိုင်း ဆူဂါကလည်း ဆက်လက်ကြိုးပမ်းရပေလိမ့် မည်။

ပစ္စက္ခကာလ ဂျပန်နိုင်ငံ၏ လုံခြုံရေးအခြေအနေ နှင့်အညီ ပဲ့ထိန်းဒုံး ကာကွယ်ရေးအစီအမံကို အပူတပြင်း ဆောင်ရွက်ရန်မှာလည်း ဆူဂါရင်ဆိုင်ရမည့် စိန်ခေါ်ချက် တစ်ရပ်ဖြစ်ပေလိမ့်မည်။

ဂျပန်နိုင်ငံသည် ကနဦးအနေဖြင့် အမေရိကန်၏ “အေးဂျစ္စ” ပဲ့ထိန်းဒုံး ကာကွယ်ရေးစနစ်ကို တပ်ဆင်ရန် စီစဉ်ခဲ့သည်။ ကုန်ကျစရိတ်ကြီးလေးခြင်းနှင့် နည်းပညာ ဆိုင်ရာ ပြဿနာများရှိနေခြင်းတို့ကြောင့် ကုန်းမြေအခြေ စိုက် ယင်းစနစ်အား ဖြန့်ကြက်မည့်အစီအစဉ်ကို ဆိုင်းငံ့ ထားရန် ဂျပန်အစိုးရက ဇွန်လအတွင်း ရုတ်ခြည်း ထုတ်ပြန်ကြေညာခဲ့သည်။

ကုန်းမြေပေါ်တွင် ဒုံးခွင်းဒုံးစနစ်ဖြန့်ကြက်မည့် အစား စစ်သ‌င်္ဘောသစ်များ တည်ဆောက်ကာ ရေပြင် အခြေစိုက် ဒုံးခွင်းဒုံးစနစ် အသုံးပြုရေးကို ဂျပန်အစိုးရ အဖွဲ့က စဉ်းစားသုံးသပ်နေချိန်ဖြစ်သည်။ ၎င်းအပြင် နိုင်ငံပြင်ပ၌ ပဲ့ထိန်းဒုံးပျံကာကွယ်ရေး အခြေစိုက်စခန်း များ ဖွင့်လှစ်ရန် သင့်၊ မသင့် စဉ်းစားသုံးသပ်လျက်ရှိ သည်။

လာမည့်နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး အမေရိ ကန်ပြည်ထောင်စု၌ သမ္မတအပြောင်းအလဲ ဖြစ်ပေါ် လာနိုင်ဖွယ်ရှိမှုသည် ဂျပန်နိုင်ငံအပေါ် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရှိလာနိုင်ခြင်းမှာလည်း ဆူဂါ အတွက် အခြားသော စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်ကြ ၏။

အင်အားချိန်ခွင်လျှာ

အမေရိကန်နှင့် တရုတ်နိုင်ငံအကြား သံတမန်ရေး နည်းလမ်းအရ အင်အားချိန်ခွင်လျှာ ထိန်းညှိပေးရသော နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သည်။

တရုတ်-ဂျပန်-အမေရိကန်ဟူ၍ သုံးပွင့်ဆိုင်(ဝါ) တြိဂံဆက်ဆံရေးအနေအထားတွင် ဟန်ချက်မပျက် အောင် ထိန်းပေးလာခဲ့သူမှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဖြစ်၏။ အမေရိကန်နှင့် တရုတ်နိုင်ငံအကြား “ကုန်သွယ် ရေးစစ်ပွဲ” ဖြစ်ပွားခြင်းမှသည် အခြားသောဆက်ဆံရေး ခလုတ်တံသင်းဖြစ်စေသော တင်းမာမှုများ ဖြစ်ပေါ်လေ တိုင်း ဂျပန်မှာ သံတမန်ရေးအရ ထိန်းကျောင်းပေးသူ၏ အခန်းကဏ္ဍကို ရယူခဲ့ရ၏။ အမေရိကန်နှင့် ရှိရင်းစွဲ မဟာမိတ်ပြုမှုကို မထိခိုက်စေရေးက တစ်ဖက်၊ အိမ်နီး ချင်း အင်အားကြီးတရုတ်နိုင်ငံနှင့် “ရှဉ့်လည်းလျှောက် သာ၊ ပျားလည်းစွဲသာ” ဆက်ဆံရေးကလည်းတစ်ဖက် အစွန်းနှစ်ဖက်ကြားတွင် ချိန်ခွင်လျှာ ထိန်းညှိပေးနေရ သည်မှာ ဂျပန်နိုင်ငံဖြစ်၏။

သမ္မတထရမ့်၏ နိုင်ငံခြားရေးမူဝါဒ စေ့ဆော်ချက် များအရ သမားရိုးကျ မဟာမိတ်ဖြစ်သော ဂျပန်နိုင်ငံ အပေါ်မှာပင် စိမ်းကားသည့် သဘောထားရပ်တည်ချက် မျိုးကိုပင် ပြသလာခဲ့ရာ ဂျပန်ခေါင်းဆောင်သစ်အတွက် မဟာဗျူဟာ သံတမန်ရေး ချိန်ခွင်လျှာ ထိန်းညှိရေးတွင် အခက်အခဲများနှင့် တွေ့ကြုံရင်ဆိုင်ရနိုင်သော စိန်ခေါ်မှု လည်း တွေ့ကြုံလာရနိုင်ပေသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း လက်မှတ်ရေးထိုးရန် လုံးဝအခွင့်မသာခဲ့သော ငြိမ်းချမ်းရေးသဘောတူညီချက် တစ်ရပ်ကို ရုရှားနိုင်ငံနှင့် ရရှိလာစေရေးအတွက် ဂျပန် ခေါင်းဆောင်သစ် ဆူဂါက ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် လာရနိုင်သည်ဟု မျှော်လင့်ရပေသည်။ ဂျပန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဖြေရှင်းနိုင်ခြင်းငှာ မစွမ်းသာသော ပိုင်နက်နယ်မြေ အငြင်းပွားမှုပြဿနာကိုလည်း ဝန်ကြီး ချုပ်သစ် ဆူဂါ ရင်ဆိုင်ရပေလိမ့်မည်။

အတိမ်းအစောင်းမခံ

ဂျပန်-မြောက်ကိုရီးယား ဆက်ဆံရေးမှာလည်း ဆူဂါအတွက် အတိမ်းအစောင်းမခံနိုင်သော နိုင်ငံခြားရေး ကိစ္စရပ်ဖြစ်ပေမည်။ မြောက်ကိုရီးယားတွင် ၁၀ စုနှစ် ပေါင်းများစွာကြာအောင် ထိန်းသိမ်းခံထားရသော ဂျပန် နိုင်ငံသားများ ပြန်လည်လွတ်မြောက်ရေးမှသည် ပြုံယမ်း ၏ အဏုမြူနှင့် ပဲ့ထိန်းဒုံးအစီအစဉ်တို့အပေါ် အကြောင်း ပြု၍ ပေါ်ပေါက်လာခဲ့ရသော အကျိုးသက်ရောက်မှုများကို ဆူဂါက ဆက်လက်တုံ့ပြန်ရပေဦးမည်။

၂၀၂၁ခုနှစ် စက်တင်ဘာလတွင် ကျင်းပရန် စီစဉ် ထားသော အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီးချိန် အထိ ဝန်ကြီးချုပ်တာဝန်ကို ထမ်းရွက်သွားမည့် ယော်ရှိ ဟီဒဲဆူဂါသည် “အာဘေး၏ခေတ်”က ချန်ရစ်ခဲ့သော ပြဿနာအပေါင်းကို ဆက်လက်ကိုင်တွယ်သွားရလိမ့် မည်ဟု ကျွန်ုပ်တွေးတောမိရင်း “ရဲရဲရင့်ရင့် တက်လှမ်း နိုင်ငံရေး ခရီးလမ်း” ဟု ကျူးရင့်မိပါသတည်း။ ။

SOURCE: DAILY NEWS BULLETIN