ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရနှစ်ရပ် သက်တမ်းများအတွင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ် ခြင်းများကို အားပေးခြင်းများ မရှိခဲ့ခြင်းကြောင့် ကုန်သွယ်မှု လိုငွေများ ဖြစ်ပေါ်ခဲ့သလို ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှ စတင်၍ စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်လာခဲ့ကြောင်း တွေ့ရှိရသည်။ ၎င်းနောက်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်မှုနှင့် နိုင်ငံရေး ဆူပူမှုများကြောင့် နိုင်ငံ၏စီးပွားရေးကျဆင်းမှုလည်း ဖြစ်ပေါ် ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလ အတွင်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်း ဆောင်ရွက်ရာတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍကို အားပေးလျက်ရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ထုတ်လုပ်မှု များ တိုးတက်မြင့်မားရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အားပေးကူညီလျက် ရှိသည်။ ကုန်ထုတ်လုပ်မှုအရင်းအမြစ်များတွင် ငွေကြေးအရင်းအနှီး (capital)၊ လူ့လုပ်အား (labour)၊ သဘာဝသယံဇာတများ (land) နှင့် အတတ်ပညာ နည်းပညာများ (Technology) တို့ ပါဝင်လျက်ရှိကြရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိက မောင်းနှင်အားဖြစ်သည့် သေး၊ ငယ်၊ လတ် စီးပွားရေး လုပ်ငန်းများ (MSME) များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် လိုအပ်သည့် အရင်းအမြစ်များကို တတ်နိုင် သမျှ ဖြည့်ဆည်းပေးလျက်ရှိသည်။
ပြည်တွင်း MSME များအနေဖြင့် မိမိတို့၏ ထုတ်ကုန် ပစ္စည်းများကို အရည်အသွေးပြည့်မီစွာဖြင့် အရေအတွက် အများအပြားထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပသို့ တင်ပို့ရန်အထိပါ ရည်မှန်းထုတ်လုပ်သွားရန် လိုအပ် သည်။ နိုင်ငံတော်အကြီးကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က UMFCCI ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဒီဇင်ဘာ ၂၃ ရက်က တွေ့ဆုံရာတွင် “မိမိတို့နိုင်ငံတွင် လူသုံး ကုန်ပစ္စည်းများကို ပြည်ပမှ အများဆုံးမှာယူသုံးစွဲနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများ များပြားလျက်ရှိကြောင်း၊ ထို့ကြောင့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ထုတ်လုပ်ပြီး ဈေးနှုန်း သက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချမည်ဆိုပါက တိုင်းပြည် အတွက် များစွာအကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ ရာ ပြည်တွင်းလူသုံးကုန်ပစ္စည်းဈေးကွက်တွင် အရည်အသွေးမီ ပြည်တွင်းထုတ် လူသုံးကုန်ပစ္စည်းများဖြင့် ဖြည့်ဆည်းပေး နိုင်ရန် ကြိုးပမ်းသွားကြရမည်ဖြစ်သည်။ မိမိတို့ပြည်တွင်း၌ သုံးစွဲနေသည့် လူသုံးကုန်ပစ္စည်းအများစုမှာ အိမ်နီးချင်းနိုင်ငံ အချို့ရှိ MSME လုပ်ငန်းများမှထုတ်လုပ်သည့် ထုတ်ကုန်များ ဖြစ်ပြီး နည်းပညာအားဖြင့်လည်း မြင့်မားလှသည်မဟုတ်သည် ကို တွေ့ရှိနိုင်သည်။ စားသောက်ကုန်ပစ္စည်းများဆိုလျှင် လိုအပ်သည့် ကုန်ကြမ်းအားလုံးလိုလို ပြည်တွင်း၌ ရရှိနိုင်သည့် ပစ္စည်းများဖြင့် ထုတ်လုပ်ထားကြခြင်းဖြစ်သည်။
စားသုံးသူများအနေဖြင့် ကုန်ပစ္စည်း၏ အရည်အသွေး ပြည့်မီကောင်းမွန်မှုနှင့် ဈေးနှုန်းသက်သာမှုတို့အပေါ်တွင် ရွေးချယ်ကြခြင်းဖြစ်ရာ ယင်းအချက်များတွင် ပြည်ပမှ သွင်းကုန်များနှင့် ယှဉ်ပြိုင်နိုင်သည့် ပြည်တွင်းထုတ်ကုန်များမှာ ပြည်တွင်းဈေးကွက်တွင် အခိုင်အမာနေရာရမည်သာဖြစ်သည်။ ယခုအခါ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် ကျင်းပလျက်ရှိကြသော ပြည်တွင်း MSME ထုတ်ကုန်ပြပွဲများ မှတစ်ဆင့် ပြည်တွင်းဈေးကွက်များဆီသို့ ပြည်တွင်းထုတ် ကုန်စည်များ ရောင်းပန်းဝယ်ပန်း ပွင့်လန်းနိုင်ကြပါစေ ကြောင်း။ ။