ပင်လယ်ပြင် ငါးသယံဇာတများ ရေရှည်စားသုံးနိုင်ရန် ထိန်းသိမ်း

 

ယခုနှစ် မြန်မာ့ပင်လယ်ပြင်၌ ငါးမဖမ်းရ ရာသီကို ဧပြီ၊ မေနှင့် ဇွန်လအထိ    သုံးလတာကာလ   သတ်မှတ်ထားသည်။ ငါးသယံဇာတကို ထိန်းသိမ်းခြင်းဖြင့် စဉ်ဆက်မပြတ်ထုတ်ယူ စားသုံးနိုင်ရေးအတွက်  ရည်ရွယ်ကာ  ငါးမဖမ်းရ  ရာသီကို နှစ်စဉ်သတ်မှတ်ပေးနေခြင်းဖြစ်သည့်အတွက် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူအားလုံးက လိုက်နာကြရ မည် ဖြစ်သည်။

 


မြန်မာ့ပင်လယ်ပြင် ‌ဂေဟစနစ်နှင့် ငါးသယံဇာတအခြေ အနေနှင့် စပ်လျဉ်း၍ နော်ဝေသုတေသနရေယာဉ်ဖြင့် သုတေသန ပြု        လေ့လာတွေ့ရှိချက်များအရ     မြန်မာ့ပင်လယ်ပြင်၏  ငါးသယံဇာတမှာ  သိသာစွာ လျော့နည်းကျဆင်းပြီး ထိရောက် စွာ ထိန်းသိမ်းရန်လိုအပ်လျက်ရှိသည်။ ငါးမဖမ်းရရာသီ သုံးလ သတ်မှတ်ခြင်းကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး ငါးဖမ်းဆီးခွင့် လုံးဝပိတ်ပင်လိုက်ခြင်း မဟုတ်ဘဲ ရာခိုင်နှုန်းအလိုက် ခွင့်ပြုခဲ့ ခြင်းဖြစ်သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ငါးဖမ်းဆီးခွင့် ၅၀ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ငါးဖမ်းဆီးခွင့် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငါးဖမ်းဆီးခွင့် ၃၀ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ငါးဖမ်းဆီးခွင့် ၂၀ ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့ရာ ငါးသယံဇာတအခြေအနေ ပိုမိုထူးခြားကောင်းမွန်လာခြင်းမရှိဘဲ ၂၀၁၈-၂၀၁၉ ရာသီတွင် ကမ်းဝေးငါးဖမ်းရေယာဉ်များကို ရာနှုန်းပြည့် စတင်ပိတ်ပင် တားမြစ်ခဲ့ရာ  ရာသီပြန်ဖွင့်ချိန်တွင်  ငါးအထိအမိ   ကောင်းခဲ့ သလို အရွယ်အစားအားဖြင့်လည်း စံချိန်မီ ငါးများကို ရရှိခဲ့ သည်။

 


ငါးမဖမ်းရ  ရာသီသတ်မှတ်ခြင်းသည်  သဘာဝအလျောက် ငါးများ  ပေါက်ပွားစေခြင်းဖြင့်  ငါးသယံဇာတ   မပြုန်းတီး အောင် ထိန်းသိမ်းခြင်းပင်ဖြစ်ရာ မျိုးပွားမည့် ငါးကြီးများကို ထိန်းသိမ်းခြင်း၊   ဥဆောင်ချိန်၊   ဥဥချိန်၊   သားပေါက်ချိန်၊ သားပေါက်များ ကြီးပြင်းချိန်တို့တွင် ငါးဖမ်းဆီးခြင်း မပြုမှ သာ ငါးသယံဇာတ ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။ ငါး မဖမ်းရ ရာသီကာလအတွင်း လုပ်ငန်းများလုပ်ကိုင်မှု  မရှိစေ ရေးအတွက်  ကမ်းနီးကမ်းဝေးရေလုပ်ငန်းရှင်များ၊  ကျားဖောင် လုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာန တာဝန်ရှိသူများက တွေ့ဆုံပညာပေးဆွေးနွေးမှုများ       ပြုလုပ်လျက်ရှိရာ ရေလုပ်ငန်းရှင်အားလုံးက ဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက် ခြင်း၊ တိကျစွာလိုက်နာခြင်းဖြင့် ပင်လယ်ပြင် ငါးသယံဇာတ များကို ထိန်းသိမ်းနိုင်ပြီး စဉ်ဆက်မပြတ်ထုတ်ယူ စားသုံးနိုင် ကြမည်ဖြစ်သည်။

 


ပင်လယ်ပြင်တွင် ငါးသယံဇာတများ လျော့နည်းကျဆင်းရ ခြင်းသည် ရာသီဥတုပြောင်းလဲလာမှုနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတို့ကြောင့် ဖြစ်သလို ငါးပုစွန်များကို အလွန်အကျွံ ဖမ်းဆီးခြင်းကြောင့်လည်း ပါဝင်သည်။ အလွန်အကျွံ ဖမ်းဆီး သည်ဟုဆိုရာတွင် မိုင်းခွဲခြင်း၊ အဆိပ်ချခြင်း၊ ရာသီချိန်ခါမရွေး ငါးဖမ်းပိုက်အရွယ်အစားအမျိုးမျိုးတို့ဖြင့် ရသမျှအကုန် ဖမ်း ဆီးခြင်း စသည်တို့ဖြစ်ပြီး စည်းကမ်းမဲ့စွာ ဖမ်းဆီးခြင်းကြောင့် မြန်မာ့ပင်လယ်ပြင်၌ ငါးသယံဇာတလျော့နည်းကျဆင်းမှုမှာ စိုးရိမ်စရာအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်သည်။ ငါးမဖမ်း ရ သတ်မှတ်ရာသီတွင် ရာခိုင်နှုန်းပြည့် မဖမ်းဆီးဘဲ ထိန်းသိမ်း နိုင်ခဲ့ခြင်းဖြင့် လက်တွေ့အကျိုးဖြစ်ထွန်းသည်ကို သိရှိကြပြီး ဖြစ်ရာ ရေလုပ်ငန်းရှင်များအားလုံး မိမိတို့ အကျိုး၊ နိုင်ငံနှင့် ပြည်သူလူထုအကျိုးအတွက်  ငါးသယံဇာတ  ရေရှည်တည်တံ့ အောင် ပါဝင်ထိန်းသိမ်းကြရပါမည့်အကြောင်း။     ။